Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးနေသော ကျောင်းများသို့ ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးနေသော ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။  

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား ပြည်သူ့ဘဝရပ်တည်မှု ခိုင်မာစေရေးအတွက် အထောက်အကူပေးနိုင်သော သက်မွေးပညာရပ်များကို သတ်မှတ်စံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် သက်မွေးပညာ၊ နည်းပညာရပ်များဖြစ်၍ လက်တွေ့ကျွမ်းကျင်မှု Hand on ဖြစ်အောင်နှင့် တတ်မြောက်မှုအရည်အသွေးစစ်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ အရည် အသွေးပြည့်မီသော သင်ကြားလေ့ကျင့်စနစ်များဖြစ်ရေးအတွက် ဆရာများသည် မိမိတို့၏ စွမ်းရည်များကို အစဉ်ဆန်းစစ်မွမ်းမံသွားရန်၊ အထူးစီးပွားရေးဇုန်များ၊ MSMEsများ၊ စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာရှင်/သက်မွေးပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ Talent ရှိသော ကျောင်းသားများကို ပြည်တွင်း/ပြည်ပနည်းပညာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေပြီး အခြေခံကျွမ်းကျင်ပညာရှင်အဆင့်မှသည် အင်ဂျင်နီယာပညာရှင်များအဖြစ်သို့ ဆက်လက် တက်ရောက်နိုင်သည့် အခွင့်အလမ်းများရှိနေသဖြင့် နိုင်ငံ့ရေရှည်အကျိုးစီးပွားကို မျှော်မှန်း၍ ဆက်လက်သင်ကြားခွင့်ရရှိနိုင်အောင် လေ့ကျင့်ပေးရန်၊ သင်တန်းသားများသည် အနာဂတ်တိုင်းပြည်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြရမည်ဖြစ်သဖြင့် ဆရာများ ထက်ပို၍တော်သော တပည့်များဖြစ်စေရေးနှင့် ဗလငါးတန်ပြည့်စုံသော နိုင်ငံ့လူငယ်ကောင်း ပညာရှင်များ ပေါ်ထွန်းလာစေရေး မြေတောင်မြှောက်ပေးရန်၊ သင်တန်းဆင်းများ၏ လူမှုဘဝအဆင့်အတန်းမြင့်မားလာမှုများကို Feedback Survey and Analysis ပြုလုပ်၍ မှတ်တမ်းတင်ကာ မျိုးဆက်သစ်ကျောင်းသားသစ်များ အတုယူဖွယ်ဖြစ်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၉ ရက် ညနေပိုင်းတွင် အင်းစိန်မြို့နယ်ရှိ ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်းကို ရောက်ရှိရာကျောင်းအုပ်ကြီး ဦးနေကျော်ထက်က လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကွန်ပျူတာအခြေပြု Welding Simulator များ အသုံးပြု၍ လေ့ကျင့်နေမှုများ၊ အလုပ်ရုံများတွင် Arc Welding TrainingGas Metal Arc Welding Training နှင့် Pipe Welding Training များ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များကို မှာကြားသည်။

ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ စက်မှု၊ စိုက်ပျိုး ရေး၊ မွေးမြူရေး တွဲဖက်သင်ကြားသည့် အခြေခံပညာအထက်တန်းကျောင်း (စိုက်မွေး) တွင် စက်မှု နည်းပညာဘာသာရပ်မှ ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သင်ခန်းစာများ သင်ကြားနေကြမှုနှင့် လက်တွေ့လုပ်ငန်းများ လေ့ကျင့်နေကြမှုကို ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်က လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြပြီးစာကြည့်တိုက်နှင့် လက်တွေ့အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးကာ ရလဒ်အခြေပြု ပညာရေးစနစ် (Outcome-based Education System) ဖြင့် နိုင်ငံဖွံ့ဖြိုးရေး အမှန်တကယ် အကျိုးပြုနိုင်မည့် Engineering Technologists များကို ထိရောက်ပီပြင်စွာ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်