Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးသိုလှောင်ဌာနတွင် ဆေးဝါးများ စနစ်တကျသိုလှောင်ထားရှိမှု၊ မီးဖိုနှင့်ရိက္ခာဌာနတွင် ဆေးရုံတက်လူနာများအတွက် အစားအသောက်များ သန့်ရှင်းစွာချက်ပြုတ်နေမှု၊ မူးယစ်ဆေးစွဲလူနာကုသဆောင် ရေကြီးရေလျှံမှုမဖြစ်စေရန် ရေတားဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်)သည် မြန်မာနိုင်ငံတွင်အကြီးဆုံး စိတ်ကျန်းမာရေး ဆေးရုံကြီးဖြစ်သည်နှင့်အညီ ဆေးရုံတက်ရောက်ကုသမှုခံယူသည့် လူနာများပြားသည့်အတွက် လူနာများ စိတ်ချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မိုးများသည့်အတွက် ဆေးရုံကြီးအတွင်း ရေလျှံခဲ့သည့်အတွက် နောင်နှစ်များတွင် ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုမဖြစ်ပွားစေရန် ဆေးရုံကြီးမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ကြိုတင်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ဆေးဝါးများ၊ ကုသမှုအထောက်အကူပြုပစ္စည်းများ အလုံအလောက်ပံ့ပိုးထားရှိပြီးဖြစ်သည့်အတွက် အလေအလွင့်မရှိအောင် ထိထိရောက်ရောက် သုံးစွဲနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်သွားရန် အရေးကြီးကြောင်း၊ လိုအပ်ချက်ရှိသည့် ဆေးနှင့်ဆေးပစ္စည်းများကို အောက်ခြေအဆင့်ဆင့်က စနစ်တကျတွက်ချက်၍ အချိန်နှင့်တစ်ပြေးညီ တင်ပြ တောင်းခံသွားရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပြီး နယ်ပယ်အသီးသီးတွင် ဖြည့်ဆည်းခန့်ထားပေးလျက်ရှိပါကြောင်း၊ ဘွဲ့ကြို/ဘွဲ့လွန်ဆေးပညာ သင်ကြားရေးကိစ္စရပ်များ၊ သူနာပြုများ၊ သူနာပြုအကူများခန့်ထားရေး၊ ဝန်ထမ်းအိမ်ရာများအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကျန်းမာရေး ဝန်ထမ်းများအတွက် ပညာရှင်ကြေးများ၊ ညဂျူတီကြေးများ၊ ထောက်ပံ့ကြေးများ ပံ့ပိုးပေးလျက်ရှိသည့်အတွက် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လမ်းညွှန်အမှာစကား ပြောကြားသည်။

ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာခင်သန်းမွန် က စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)၏ ဆေးရုံ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကျန်းမာရေးဝန်ထမ်း အင်အား၊ လျှပ်စစ်ရရှိမှု၊ ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ယခုနှစ်အတွင်း ဆေးရုံကြီးအတွင်းသို့ ထူးကဲရေဝင်ရောက်ခဲ့မှု၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် တက်ရောက်လာကြ သည့်ဝန်ထမ်းများက ကုသရေးဆိုင်ရာနှင့် ဆေးပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်