Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစုပိုင် မြေဧက ၂၀ ပေါ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိရစ္ဆာန်အစာစပ်စက်ရုံ တည်ဆောက်မည့် မြေနေရာကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာသို့ ရောက်ရှိပြီး ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် စိုက်ပျိုး ဧက ၂၀ ကျော်ပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမအသင်း တောင်သူများ စိုက်ပျိုးခဲ့သော မိုးစပါးများရိတ်သိမ်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အထွက်တိုးမျိုးများကိုသာ စုပေါင်းစိုက်ပျိုးခြင်း၊ ထွက်ရှိလာသော မိုးစပါးများကို စုပေါင်းရောင်းချခြင်း၊ ဈေးနှုန်းမှန်ကန်စွာရရှိရေး ဆောင်ရွက်ပေးရန်နှင့် စပါးများရောင်းချမှုမှရရှိသည့်ငွေများအနက် အသင်းသား တောင်သူများအား Refund ငွေများ ပြန်လည်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ အသင်းသားများနှင့် ညှိနှိုင်းပြီး အကျိုးအမြတ်များကို ညီတူမျှတူ ခွဲဝေပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ စိုက်ပျိုးမြေများအား တစ်ဆက်တစ်စပ်တည်း ဧကကွက်များ ဖြစ်ပေါ်စေရေး ကုန်ထုတ်လမ်းသွယ်များ၊ ရေမြောင်းများ ဖောက်လုပ်ဆောင်ရွက်သွားရန်နှင့် စနစ်ကျ လယ်ယာမြေအဖြစ် ဖော်ဆောင်နိုင်ရေးဆောင်ရွက်သွားရန် မှာကြားပြီး အသင်းသားများ အကျိုးတူ စုပေါင်းမွေးမြူထားသော အသားတိုးကြက်မွေးထားရှိမှုနှင့် မြို့နယ်သမဝါယမအသင်းစုနှင့် ရွှေပြည်တံခွန်ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် တိရစ္ဆာန်အစာစပ်စက်ရုံ တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာရှိ ရွှေဇေယျာ သမဝါယမအသင်းနှင့် အောင်နိုင်သစ္စာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသော မြန်မာ- ကိုရီးယား အဆင်မြင့်ဆန်စက်သို့ ရောက်ရှိပြီး စပါးကြိတ်ခွဲနေမှုနှင့် ထွက်ရှိလာသော ဆန်များတင်ပို့ရောင်းချရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်