နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၃၅)ကို “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေဆိုင်ရာ သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
ပြောကြား
ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက အစိုးရဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ အောင်မြင်ပြီးမြောက်ပြီး ရေရှည်တည်တံ့သည့် တိုးတက်အောင်မြင်မှုများ ရရှိစေရန်အတွက် အသိပညာနှင့်ပြည့်စုံသော ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပါကြောင်း၊
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ဝန်ထမ်းများ၏ စစ်ဆေးရေးနှင့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများ ပြည့်ဝနေစေရန်နှင့် အသိပညာနှင့်ယှဉ်သော စီမံခန့်ခွဲမှုစွမ်းဆောင်ရည်များ ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အသိပညာမျှဝေဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲတွင်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုအသုံးပြု၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းနှင့် ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့် လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးပေးသွားမည်ဟု သိရှိရပါကြောင်း၊ အသိပညာ၊ ဗဟုသုတများ တိုးပွားရရှိပြီး စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအကျိုးရှိမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပါ ခွင့်ပြုလုပ်ငန်းများ၊ အသုံးပြုခွင့်လျှောက်ထားမှု၊ ခွင့်ပြုနိုင်သည့်ဧရိယာနှင့် အချိန်ကာလသတ်မှတ်မှု၊ အာမခံကြေး ပေးသွင်းမှုဆိုင်ရာ ကိစ္စရပ်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ကြသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
သတင်းစဉ်