နေပြည်တော် နိုဝင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်အမှာစကားပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်ပြီး အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ဆောင် မုန်းလဆန်း ၁၂ ရက် ခရစ်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပသွားမည် ဖြစ်ပါကြောင်း။
ယခုနှစ် ကထိန်ခံကျောင်းအဖြစ် ရဟန်း ၂၂ ပါး၊ သာမဏေ ၁၁၈ ပါးရှိသည့် ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်ကို ရွေးချယ်ထားပြီး နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည်နှင့်အညီ စာသင်သား ရဟန်းသာမဏေ အင်အားများသည့် ပရိယတ္တိစာသင်တိုက်ကြီးတစ်ခု၏ “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး”ဆိုသည့် ပစ္စည်းလေးပါး လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းလှူဒါန်းပေးနိုင်သည့်အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးရမည်ဖြစ်ပါကြောင်း။
ယခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခင်နှစ်များနည်းတူ ဖိတ်ကြားသွားမည်ဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီး နှစ်ပါး၊ ဒေသခံပင့်သံဃာတော်များဖြစ်သည့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီး ရှစ်ပါး၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်သုံးပါး၊ နေပြည်တော် သံဃနာယကအဖွဲ့ဆရာတော် ငါးပါးနှင့် ကထိန်ခံကျောင်းတိုက်မှ ပဓာနနာယက ဆရာတော်အမှူးပြုသော ပင့်သံဃာ ကိုးပါး စုစုပေါင်း ဆရာတော်ကြီး ၂၇ ပါးတို့ကို ပင့်လျှောက်ပြီး ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပါကြောင်း။
ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဖွဲ့စည်းမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါသဖြင့် ဤဝန်ကြီးဌာနအနေဖြင့် ဆပ်ကော်မတီ ၁၂ ခုကို ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်၍ ဆပ်ကော်မတီ ခုနစ်ခုကို တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဆပ်ကော်မတီအသီးသီး၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင် ကုသိုလ်ယူဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း။
ဆက်လက်၍ ကျန်းမာရေးဆပ်ကော်မတီအနေဖြင့် ဆရာတော်ကြီးများသီတင်းသုံးမည့် သံဃာရာမကျောင်းဆောင်များနှင့် အခမ်းအနားကျင်းပမည့် သာသနာ့မဟာဗိမာန်တော်ကြီးတို့တွင် အနောက်တိုင်းဆေးခန်းနှင့် တိုင်းရင်းဆေးခန်းများထားရှိ၍ သံဃာရာမကျောင်းဆောင်များနှင့် ဗိမာန်တော်ကြီးဝန်းကျင်တို့တွင် ကြိုတင်ဆေးဖျန်းခြင်းများ၊ ဗိမာန်တော်ကြီးအဝင်တွင် အပူချိန်တိုင်းကိရိယာကို အစမ်းလေ့ကျင့်မည့်နေ့ရက်မှစ၍ ကြိုတင်ပြင်ဆင်ထားရှိပါက အဆင်ပြေမည်ဖြစ်ကြောင်း။
အခမ်းအနားကျင်းပရေး ဆပ်ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ နေရာချထားနိုင်ရေးနှင့် သံဃာရာမကျောင်းဆောင်များနှင့် ဗိမာန်တော်ကြီးတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာပစ္စည်းများ စီမံဆောင်ရွက်ထားရှိရန်၊ ပဒေသာပင်များစီစဉ်ရေးဆပ်ကော်မတီအနေဖြင့် နိုင်ငံတော်အဆင့် အခမ်းအနားနှင့်လျော်ညီစွာ တင့်တယ်ကြည်ညိုဖွယ်ဖြစ်စေရန်အတွက် ပဒေသာပင်များအား စနစ်တကျ ခင်းကျင်းပြသနိုင်ရေး၊ အရွယ်အစားတစ်ပြေးညီဖြစ်စေရန်နှင့် သတ်မှတ်ထားသည့် နေ့ရက်၊ အချိန်အတွင်း အချိန်မီရောက်ရှိရေး အလေးထားဆောင်ရွက်ပြီး ပို့ဆောင်ရာတွင်လည်း အထူးအလေးထား ပို့ဆောင်ကြရန် လိုအပ်ကြောင်း။
အထူးဂရုပြုရမည်မှာ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းတို့တွင် ဝေယျာဝစ္စဆောင်ရွက်ကြမည့် ရုံးဝန်ထမ်းများနှင့် ဟိုတယ်ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများဖြစ်ရန်နှင့် RFID ကတ်များ ကြိုတင်ပြုလုပ်ထားပြီး လူပြောင်းလဲ တာဝန်ထမ်းဆောင်ခြင်းမျိုး မဖြစ်စေရန် လိုအပ်ကြောင်း ပြောကြားသည်။
အကြံပြုဆွေးနွေး
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ၂၀၂၃ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိသည့် အသေးစိတ်အခြေအနေများကို ဆွေးနွေးတင်ပြ၍ ဆပ်ကော်မတီအသီးသီးမှလည်း ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက အကြံပြု ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ “ဗုဒ္ဓ သာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကို ရုပ်သိမ်းသည်။ ထို့နောက် ဆက်ကပ်လှူဒါန်းမည့် လှူဖွယ်ပစ္စည်းများ ခင်းကျင်းပြင်ဆင်ထားမှုနှင့် ဆွမ်းဆက်ကပ် ဧည့်ခံကျွေးမွေးရန် စားပွဲဝိုင်းများ ပြင်ဆင်ထားမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်