Skip to main content

မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒ(မူကြမ်း)ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၉

မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ် ကျော်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်း‌ရေးဥပဒေကို ပြင်ဆင်ရသည့်အကြောင်းအရင်းကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ရဲမှူးချုပ် ကျော်လင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ကိုင်တွယ်ကျင့်သုံးရာတွင် တိုးချဲ့ဖွဲ့စည်းထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံနှင့် ကိုက်ညီမှုရှိစေရန်လည်းကောင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေပါ စကားရပ်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ အုပ်ချုပ်မှုအာဏာနှင့် ပြစ်မှုကျူးလွန်သော တပ်ဖွဲ့ဝင်များ ချုပ်နှောင်ခွင့်၊ အကျဉ်းနည်းစစ်ဆေးခွင့်အာဏာများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးများသာမက ရဲမှူးကြီးနှင့်အထက်အဆင့်ရှိ ရဲလေ့ကျင့်ရေးကျောင်းများမှ ကျောင်းအုပ်ကြီးများအား အခွင့်အာဏာပေးနိုင်ရန်လည်းကောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်း‌ရေးဥပဒေတွင် လိုအပ်သည့်ပုဒ်မများကို ပြင်ဆင်ဖြည့်စွက်ရခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည့်ပုဒ်မများအား အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

 သတင်းစဉ်