နေပြည်တော် နိုဝင်ဘာ ၉
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
ဦးစွာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ပေးပို့ရမည့် (၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုအစီရင်ခံစာအား သေချာစွာရေးသားရန်နှင့် တိုးတက်မှုအစီရင်ခံစာသည် အဓိကဖြစ်ပြီး အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Group- APJG) ၏ မျက်နှာစုံညီအစည်းအဝေးတွင် ဖြေကြားခဲ့သည့် ဖြေကြားချက်များအပေါ် မူတည်၍ FATF မျက်နှာစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ခြင်းဖြစ်ပါကြောင်း၊ နည်းပညာအကူအညီ (Technical Assistance-TA) များရရှိရန် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစီအမံများအလိုက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ရန်နှင့် လုပ်ငန်းအဖွဲ့ဝင်ဌာနအသီးသီးမှ တာဝန်ရှိသူများက အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group- APJG) သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တင်ပြရမည့် တိုးတက်မှုအစီရင်ခံစာအား သတ်မှတ်ကာလအတွင်း အချိန်မီတင်ပြနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ ရဲမှူးချုပ် မျိုးသူစိုးက ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက ကျင်းပ ပြုလုပ်ခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့်အတွေ့အကြုံများကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံ (Action Plan) ပါ အချက်များအပေါ် တိုးတက်မှုအစီရင်ခံစာရေးသားရေးအဖွဲ့က အချိန်မီရေးသားပြုစုနိုင်ရန်အတွက် လိုအပ်သည့်အချက်အလက်များအား ပံ့ပိုးရေးကိုလည်းကောင်း၊ မိမိတို့ဌာနအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံစာရင်းကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်