နေပြည်တော် နိုဝင်ဘာ ၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သတင်းစာတိုက်များနှင့် ပုံနှိပ်စက်ရုံတို့သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဝန်ထမ်းအိမ်ရာများနှင့် ရေဒီယိုအသံလွှင့်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ သတင်းထုတ်လွှင့်ဖော်ပြမှုများ စနစ်တကျရှိရန်၊ အမှားအယွင်း မဖြစ်စေရေးတို့ကို တာဝန်ရှိသူများက အမြဲကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်၊ စက်ပစ္စည်းများ၊ ကုန်ကြမ်း၊ ကုန်ချောများ ပျက်စီးပျောက်ဆုံးမှုနှင့် လေလွင့်ဆုံးရှုံးမှုမရှိရန်၊ ကျောင်းသုံးစာအုပ်များနှင့် သတင်းစာများ ပုံနှိပ်ရာတွင် အရည်အသွေးကောင်းမွန်ရန်၊ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ စက်ရုံ၊ အလုပ်ရုံနှင့် ဝန်ထမ်းအိမ်ရာများအပါအဝင် မီးဘေးအန္တရာယ် သတိထားပြီး မီး၊ ရေ သုံးစွဲမှု စနစ်တကျရှိစေရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။
(သတင်းစဉ်)