နေပြည်တော် နိုဝင်ဘာ ၈
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်ရုံစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
နည်းလမ်းများပြောင်းလဲလာ
ဦးစွာပြည်ထောင်စုဝန်ကြီးက အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်ချိန်၊ အချိန်ပို စသည့် အလုပ်သမားရေးရာစံချိန်စံနှုန်းများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အလုပ်သမားရေးရာစစ်ဆေးခြင်းနည်းလမ်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့စစ်ဆေးစည်းကြပ်ရသည့် အကြောင်းအရာများသည် တိုးတက်နေသည့်နည်းပညာများအရ အလုပ်သမားဈေးကွက် အပြောင်းအလဲဖြစ်သည်နှင့်အညီ စစ်ဆေးစည်းကြပ်သည့် နည်းလမ်းများပြောင်းလဲလာခြင်းဖြစ်ကြောင်း။
ဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာစစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့အပြင် အလုပ်သမားများ လုပ်ကိုင်နေရသည့် လုပ်ငန်းခွင်အခြေအနေကောင်းမွန်မှု ရှိ၊ မရှိ၊ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ သိရှိနိုင်ရေး စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိရန် အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည် (Institutional Capacity) နှင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် (Individual Capacity)ကို မြှင့်တင်ပေးနိုင်ရန် ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ အထူးပြုမွမ်းမံသင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက အသုံးပြုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်ပတ်ဝန်းကျင် တိုင်းတာရေးကိရိယာများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါသင်တန်းကို In House Training System ဖြင့် အရာထမ်း ၃၅ ဦးကို နိုဝင်ဘာ ၈ ရက် မှ ၁၅ ရက်အထိ သင်တန်းကာလခုနစ်ရက်အတွင်း စစ်ဆေးရေးအရာရှိတစ်ဦး၏ ကျင့်ဝတ်နှင့်တာဝန်များ၊ စစ်ဆေးရေးနည်းလမ်းများနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များ၊ လုပ်ငန်းခွင်ထိခိုက်မှုစုံစမ်းစစ်ဆေးခြင်း၊ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေတိုင်းတာရေး ကိရိယာများအသုံးပြုခြင်း၊ လုပ်ငန်းခွင်တွင်ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များနှင့် စီမံခန့်ခွဲခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၏ လုပ်ငန်းစဉ်များ၊ ဘွိုင်လာဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ သတ္တုတွင်းလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ အခြေခံသဘောတရားများနှင့် စံနှုန်းသတ်မှတ်ချက်များနှင့်ပတ်သက်ပြီး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်