နေပြည်တော် နိုဝင်ဘာ ၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနကြီးမှူးများနှင့်အတူ နိုဝင်ဘာ ၇ ရက်က ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များအတွင်း စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေလယ်ဘုရား ကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင်နှင့် လူကူးလျှောက်လမ်းတံတား အသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်က ကန်တော်မင်္ဂလာရှမ်းကန်သို့ လာရောက်အပန်းဖြေသူပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စေရန် ကန်ပတ်လည်တွင် အရိပ်ရပင်၊ ပန်းအလှပင်များထပ်မံစိုက်ပျိုးရန်၊ ကွန်ကရစ်လျှောက်လမ်းဘေး မြေနေရာလွတ်များတွင် အလှမြက်များထည့်သွင်းစိုက်ပျိုးရန်နှင့် ကန်ပတ်လမ်းမီးများ အမြဲကောင်းမွန်စေရေး ဂရုပြုဆောင်ရွက်ရန်၊ ကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်အား အမြဲသန့်ရှင်းနေစေရေး အလေးထားဆောင်ရွက်ရန်နှင့် မြို့မိမြို့ဖများ အနေဖြင့်လည်း မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးကို အလေးထားကာ ကန်ပတ်လည်ကားလမ်းဘေးရှိ လူနေအိမ်များကို သန့်ရှင်းသပ်ရပ်လှပမှုရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်တို့ကို မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်းရှိ စမ်းကလေးသုသာန်ရှိ မီးသင်္ဂြိုဟ်စက်ပြုပြင် ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဇမ္ဗူသီရိအထူးကု ဆေးရုံကြီးရှိ အထွေထွေရောဂါကုသဆောင်နှင့် ကျောက်ကပ်ရောဂါကုသဆောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောက်ကပ်ဆေးကြောကုသနေသည့် လူနာများကို အားပေးစကားပြောကြားသည်။ မြို့တော်ဝန်က ဆေးရုံသို့လာရောက်ကုသသည့် အများပြည်သူများ စိတ်ချမ်းမြေ့အဆင်ပြေစေရန်နှင့် ကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် ဆေးရုံဝင်းအတွင်း ပန်းအလှပင်များ ထပ်မံစိုက်ပျိုးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်