Skip to main content

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဘဏ္ဍာရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ      

နေပြည်တော် နိုဝင်ဘာ ၇

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဘဏ္ဍာရေးဆပ်ကော်မတီ၏ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ပြင်ဆင်ဖွဲ့စည်းခဲ့

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံအတွင်း ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ ယာဉ်ကြောင့် ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းလာစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council–NRSC)”ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကောင်စီ၏လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီလေးခု  ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။

ယာဉ်အန္တရာယ်ကင်းရှင်းရေးရန်ပုံငွေ မထူထောင်နိုင်သေးမီကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် သင့်လျော်သည့် အသုံးစရိတ်ပမာဏကို မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် ဘတ်ဂျက်တွင် ထည့်သွင်းလျာထား၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဝိုင်းဝန်းဆွေးနွေး

ယနေ့အစည်းအဝေးတွင် ရန်ပုံငွေထူထောင်နိုင်မည့်နည်းလမ်းများ၊ ရန်ပုံငွေရရှိနိုင်မည့်နည်းလမ်းများ၊ ရန်ပုံငွေများကို စနစ်တကျ ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်မည့် နည်းလမ်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သူများကို တပ်ရိုက်သည့် ဒဏ်ကြေးငွေများကို ရငွေစာရင်းသို့ ထည့်သွင်းခြင်းကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်