ဘားအံ ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဘားအံမြို့မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေများဝင်ရောက်လျှက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်လွဲ(၃)နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းသို့ လာရောက်နေထိုင်စရာမလိုဘဲ ဆွေမျိုးမိတ်ဆွေအိမ်များနှင့် ခြေတန်ရှည်အိမ်အမြင့်များတွင် နေထိုင်နိုင်သေးသူမိသားစုဝင်များအား ဆန်နှင့်စားရိက္ခာများသွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့ ရေကြီးမှုအခြေအနေအရ ရေးဘေးသင့်သူမိသားစုများနေရာချထားရာတွင် သြဂုတ်လ ၂၄ ရက်နေ့ပထမရက်က ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖြစ်သည့် ရွှေယဉ်မျှော်စခန်း၊ မိုးလုံလေလုံအားကစားရုံစခန်း၊ Cyclone Shelter စခန်း ၃ ခုတွင် အိမ်ထောင်စု ၁၃၉ စု၊ လူဉီးရေ ၆၇၅ ဦးရှိခဲ့ပြီး ယနေ့တွင် စခန်း ၃ ခု ထပ်မံတိုးခဲ့ရာ လေသာဘုန်းတော်ကြီးကျောင်းစခန်းတွင် အိမ်ထောင်စု ၈ စု၊ လူဦးရေ ၃၈ ဦး၊ အမက (၈) ကျောင်းစခန်းတွင် အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁၁၅ ဦး၊ မူလတန်းလွန် ၃ ကျောင်းစခန်းတွင် အိမ်ထောင်စု ၄၂ စု၊ လူဦးရေ ၁၉၅ ဦး စုစုပေါင်းအိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၅၂၅ ဦးရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)