Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကျဲ့ကျန်းပြည်နယ်၊ ဝူကျွန်းမြို့တွင် ကျင်းပသည့် “မြို့ပြနှင့်ကျေးလက်သာယာဝပြောရေးအတွက် ဒစ်ဂျစ်တယ်စွမ်းအားမြှင့်တင်မှုနှင့် ၂၀၂၃ ခုနှစ် ဒစ်ဂျစ်တယ်စွမ်းရည်မြှင့်တင်ခြင်းနှင့် ဘုံသာယာဝပြောရေး သရုပ်ပြဇုန်ဆောက်လုပ်ရေးပြပွဲ လှုပ်ရှားမှုအစီအစဉ်” သို့ ပါဝင်တက်ရောက်

ဝူကျန်း နိုဝင်ဘာ ၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဝူကျွန်းမြို့ ဒင်ရှန်းခန်းမ ယွန်ကျုံးဧည့်စင်တာတွင် ကျင်းပသည့် ဒစ်ဂျစ်တယ်အထောက်အကူပြု သရုပ်ပြဧရိယာ တည်ဆောက်ရေး ပြပွဲဆိုင်ရာလှုပ်ရှားမှုအစီအစဉ်သို့ ယနေ့တွင် ပါဝင်တက်ရောက်သည်။

အဆိုပါအခမ်းအနားသည် ကျဲ့ကျန်းပြည်နယ်၏ “ကျေးလက်မြို့ပြ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒစ်ဂျစ်တယ်အထောက်အကူပြု” အစီအစဉ်အောက်တွင် အခြေခံပြီး ကျဲ့ကျန်းပြည်နယ်၏ ကျေးလက်ဒေသ ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုကို မြှင့်တင်ခြင်းနှင့် ကျေးလက်မြို့ပြ ဒစ်ဂျစ်တယ်ကဏ္ဍ အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရှိရသည်။

အခမ်းအနားသို့ အာရှ - အာဖရိကနှင့် အီးယူနိုင်ငံများမှ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဥက္ကဋ္ဌနှင့် အကြီးအကဲများ၊ အဆင့်မြင့်တာဝန်ရှိသူများနှင့် ကျဲ့ကျန်းပြည်နယ်မှ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြို့ပြနှင့် ကျေးလက်ဒေသများတွင် ဒစ်ဂျစ်တယ်နည်းပညာမြှင့်တင်ရေးလုပ်ငန်းများ၊ ကျေးလက်ဒေသများတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ရေး၊ 5G အနာဂတ်၊ ဒစ်ဂျစ်တယ်လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်မြှင့်တင်ရေးကိစ္စများ၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းအချင်းချင်း အားဖြည့်ဆောင်ရွက် ကူညီပေးရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒင်ရှန်းခန်းမ ယွန်ကျုံးဧည့်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အင်တာနက်မြို့ပြပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသည် ဝူကျွန်းအပြည်ပြည်ဆိုင်ရာ အင်တာနက်မြို့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် တုန်ရှန်းဒစ်ဂျစ်တယ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကြေညာစာတမ်းအညွှန်းကိန်းကို ထုတ်ပြန်ကြေညာသည့် အခမ်းအနားတစ်ခုဖြစ်ပြီး အဆိုပါအခမ်းအနားတွင် အနာဂတ်တွင် 5G+  နည်းပညာမြို့တော်အဖြစ် တည်ဆောက်ရေး၊ AI နည်းပညာကို အသုံးပြု၍ Smart City မြို့တော်တည်ဆောက်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဂေဟစနစ်အခန်းကဏ္ဍများတွင် ဒစ်ဂျစ်တယ်ယဉ်ကျေးမှုအသုံးပြုမှု ပိုမိုတိုးတက်စေရေး၊ အဆင့်မြင့်ဒစ်ဂျစ်တယ်နည်းပညာကို အသုံး ပြု၍ Smart City ဖြစ်အောင် တည်ဆောက်ရေးစသည့် အကြောင်းအရာများကို ဆွေးနွေး တင်ပြသွားကြောင်း သိရှိရသည်။

သတင်းစဉ်