Skip to main content

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ၊ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု) တို့သည် ငပုတောမြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ တပ်မတော်ဆေးရုံ (ခုတင်-၂၅) ၌ အခြေပြု၍ အဆိုပါရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၀၁၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၃၄၂ ဦး၊ ခွဲစိတ်ရောဂါ ၇၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၈ ဦး၊ ကလေးရောဂါ ၅၄ ဦး၊ အရိုးရောဂါ ၁၃၉ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၆၈ ဦး၊ မျက်စိရောဂါ ၂၁၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန် ရိုက်လူနာ ၄၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၄၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၀ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁၀ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်နေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ ဆေးရုံတက်ရောက်နေသည့် လူနာများနှင့် မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။

ထို့ပြင် ငပုတောမြို့နယ်၊ ကန်မလာကျေးရွာနေ ဦးမြင့်ဦး၏ဇနီးဖြစ်သူ ဒေါ်အိရွှေစင်၏ (၃) ယောက်မြောက်သမီးရတနာကို သားဖွားမီးယပ်ပါရဂူ ဗိုလ်ကြီး ဉာဏ်လင်းအောင်က တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ပေါ်၌ နိုဝင်ဘာလ ၆ ရက် ည (၁၂) နာရီ (၇)မိနစ်တွင် မွေးဖွားပေးခဲ့ရာ ကိုယ်အလေးချိန် (၇) ပေါင်ရှိပြီး မိခင်နှင့် ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။ အဆိုပါကလေးငယ်အတွက် ကာကွယ်ရေးဦးစီးချုပ် (ရေ) မှ ပေးအပ်သည့် ထောက်ပံ့ငွေနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှူးက ပေးအပ်ခဲ့သည်။ အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ဒုတိယအကြိမ်မွေးဖွားသည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ၏ ဆေးကုသမှုသမိုင်းမှတ်တမ်းတွင် (၂၀) ဦးမြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ယနေ့မွန်းလွဲပိုင်းတွင် ငပုတောမြို့နယ်၊ ညောင်ဝိုင်းကျေးရွာနေ ဦးသီဟ၏ ဇနီးဖြစ်သူ ဒေါ်နန်းမိုးထွေး၏ ဒုတိယမြောက်သမီးရတနာကို တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ပေါ်၌ သားဖွားမီးယပ်ပါရဂူ ဗိုလ်ကြီး ဉာဏ်လင်းအောင်က ခွဲစိတ်မွေးဖွားပေးခဲ့ရာ ကိုယ်အလေးချိန် (၆)ပေါင် (၈) အောင်စရှိပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်မှုရှိကြောင်းနှင့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ၏ ဆေးကုသမှုသမိုင်းမှတ်တမ်းတွင် (၂၁) ဦးမြောက်ကလေးငယ်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့ လိုက်ပါလာသည့် တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့တွင် ဟင်္သာတမြို့ရှိ လယ်တော်ပရိယတ္တိ စာသင်တိုက်၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၅၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၈ ဦး၊ ခွဲစိတ်ရောဂါ ၇၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၁၃ ဦး၊ အရိုးရောဂါ ၁၂၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၆ ဦး၊ မျက်စိရောဂါ ၁၀၆ ဦးနှင့် သွားရောဂါ ၄၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ရှစ်ဦး၊ ဓာတ်မှန်ရိုက်လူနာ သုံးဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၀၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ကိုးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ရှစ်ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ အားဖြည့်ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၂၀ တို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

ယင်းနောက် လယ်တော်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူများအား သွားရောဂါကုသမှုပါရဂူက သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောပြီး ကလေးကုသမှုပါရဂူနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူတို့က ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယခုကဲ့သို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို  ယခုလိုပဲကြားသိခဲ့ရသည်။

မသဇင်အောင်

(မဲခရဲကျေးရွာ၊ ဟိုင်းကြီးကျွန်း)

ကျန်ခဲ့တဲ့နှစ်က ကျွန်မတို့ ဟိုင်းကြီးကျွန်းကို တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က လာရောက်ဆေးကုသပေးလို့ နားသွားပြလိုက်ပါတယ်။ သက်သာပါတယ်။ အခုတစ်ခေါက်လည်း ကျွန်မတို့ မဲခရဲကျေးရွာကနေ ဟိုင်းကြီးကျွန်းကို လာရောက်ဆေးကုသမှုခံယူတာပါ။ အခုကျောက်ကပ်ရောဂါဖြစ်နေလို့ ဆေးကုသမှုခံယူဖို့လာတာပါ။ အခုလို လာရောက်ကုသပေးတဲ့အဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဦးတည်း  မဟုတ်ပါဘူး။ လူကြီး၊ လူငယ်အကုန်လုံးကို လာရောက်ပြီး ကုသပေးရတဲ့အတွက် ဒီထက်မက တစ်နှစ်ပြီးတစ်နှစ် လာရောက်ကုသပေးစေချင်ပါတယ်။ အခုလို့ စီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တာဝန်ရှိသူများအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

ဦးကံမြင့်

(ရွှေစေတီရပ်ကွက်၊ ဟင်္သာတမြို့)

မျက်စိကွယ်သွားလို့ မျက်စိမမြင်ရလို့ လာရောက်ကုသခြင်းဖြစ်ပါတယ်။ အခုမှပဲ ကျွန်တော်တို့လည်း စေတနာဆရာဝန်ဆိုတာ ဒီတစ်ခါပဲမြင်ဖူးတော့တယ်။ သိပ်တော့မကြာသေးဘူး။ တစ်ဖက်တည်း မြင်နေရတာ ၁၀ ရက်လောက်တော့ ရှိပြီ။ ခုလိုက်ပြီး ကုသပေးနေတယ်ကြားလို့ ကျွန်တော်လည်း လာရောက်ကုသမှုခံယူတာပါ။ လာပြီးကုတော့ ခုမြင်ရတော့ ဝမ်းလည်းသာပါတယ်။ ဒီကလုပ်ပေးတာ တော်တော်စေတနာပါတယ်။ အဲ့ဒါကြောင့်မလို့ စေတနာဆရာဝန် ဒီတစ်ခါပဲမြင်ဖူးတာလို့ ပြောတာဗျ။ ကုပေးတဲ့ ဆရာဝန်တွေရော၊ ကျွန်တော့်ကို ဝိုင်းဝန်းလုပ်ကိုင်ပေးတဲ့သူတွေကိုရော အများကြီးဝမ်းသာပါတယ်။ ခုလိုကုသပေးတဲ့ ဆရာတွေကိုလည်း အများကြီးကျေးဇူးလည်းတင်ပါတယ်။ စေတနာဆရာဝန်ရှိတယ်ဆိုတာ ဒီတစ်ခါပဲမြင်ဖူးပါတယ်” ဟု ပြောသည်။

သတင်းစဉ်