Skip to main content

(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ

ဘားအံ နိုဝင်ဘာ ၇

(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) KNU/ KNLA(PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ပြည်နယ် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ(ငြိမ်း)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ သဘာပတိအဖွဲ့ဝင်များ နေရာယူကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့ကို အလေးပြုကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားသည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး သဘာပတိအဖွဲ့ဝင်များ ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်၍ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးနှင့် ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၊ ကရင်ပြည်နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ (ငြိမ်း) ဦးစောအောင်ပွင့်နှင့်  မြို့မိမြို့ဖ ဒေါ်နန်းမြင့်တင်တို့က (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးနှင့် ပြခန်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး  ကရင်ပြည်နယ်ဝန်ကြီးချုပ်က (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာစည်ပင်ဝပြောပါစေကြောင်း (၃) ကြိမ်ရွတ်ဆိုကြွေးကြော် (ဆုတောင်း) ၍ ငြိမ်းချမ်းရေးချိုးဖြူငှက်(၆၈)ကောင်ကို လွှတ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်အဖွဲ့သည် ဘင်ခရာ၊ ပန်းပွားနှင့် ဒုံးအကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ စက်မှုလက်မှု (MSMEs) ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် (၆၈) နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲသို့ တက်ရောက်ပြီး ငှက်ပျော၊ သင်္ဘော၊  မာလကာ၊ ကျောက်ဖရုံ၊ နာနတ်၊ ဘူးသီး၊ ကွမ်းသီး သီးနှံများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသည့် တောင်သူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲများ ယှဉ်ပြိုင်နေမှုကို တက်ရောက်ချီးမြှင့်အားပေးကြသည်။

ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက ကြက်ခြေနီတပ်ဖွဲ့၊ ရေပြင်အသက်ကယ်အဖွဲ့များနှင့် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ကြသော အသင်းများကို ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ကြပြီး အမျိုးသား/သမီး (၃) တက်လှော်၊ အမျိုးသား/သမီး(၅)တက်လှော်၊ အမျိုးသား/ သမီး(၇)တက်လှော်နှင့် နဂါးလှေအထူးသရုပ်ပြခြင်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော မြဝတီလှေလှော်အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲပိုင်း ကလည်း ဘားအံမြို့ တောင်ကလေး ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ သီရိကွင်း၌ ဒုတိယနေ့အဖြစ် ယှဉ်ပြိုင်လျက်ရှိသည့် ကရင်ရိုးရာဒုံးအကပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင် ဒုံးအဖွဲ့(၁၀)ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ ဒုတိယနေ့ ဒုံးအကပြိုင်ပွဲတွင် အိန္ဒုတိုက်နယ်ဒုံးအဖွဲ့၊ ဝက်ကြီးတိုက်နယ် မုက္ကဒိစုပေါင်းဒုံးအဖွဲ့၊ ကော့ပရံဘုန်းတော်ကြီးသင်ပညာရေးကျောင်းဒုံးအဖွဲ့၊ ကော့ကရိတ် မြို့နယ် စုပေါင်းဒုံးအဖွဲ့၊ ပိုင်ကျုံမြို့ကိုယ်စားပြု စုပေါင်းဒုံးအဖွဲ့၊ ကော့ပေါမျိုးဆက်သစ် အားမာန်ဒုံးအဖွဲ့၊ ဘားအံမြို့တော် စုပေါင်းဒုံးအဖွဲ့၊ လှိုင်းဘွဲမြို့နယ်ကိုယ်စားပြု စုပေါင်းဒုံးအဖွဲ့၊ BGF တပ်နယ်အမှတ် (၂) ကိုယ်စားပြု ဒိုင်းပြကျေးရွာစုပေါင်းဒုံးအဖွဲ့နှင့် ရွှေကုက္ကိုလ်ကိုယ်စားပြု စုပေါင်းဒုံးအဖွဲ့များက အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာ ၇ ရက်တွင်လည်း ဒုံးအကများ ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်