Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဒီပါဝလီအထိမ်းအမှတ် မီးထွန်းပွဲတော် အခမ်းအနား တက်ရောက်

ရန်ကုန် နိုဝင်ဘာ ၇

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ Park Royal Hotel ၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အသင်းချုပ် (Myanmar India International Business Federation) က ကြီးမှူးကျင်းပသည့် ဒီပါဝလီ အထိမ်းအမှတ်မီးထွန်းပွဲတော်အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဧည့်သည်တော်များအား ပွဲတော်ကျင်းပရေး ကော်မတီဝင်များက ဟိန္ဒူရိုးရာယဉ်ကျေးမှုနှင့်အညီ ကြိုဆိုကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဧည့်သည်တော်များသည် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုပြီး မဟာလက်ချမီးမယ်တော်အား ဒီပါဝလီ ဆီမီးထွန်းကာ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဧည့်သည်တော်များကို အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်တို့က ရွှေပိုးပုဝါ ခြုံလွှမ်း၍ ပန်းကုံးစွပ် ဂါရဝပြုကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးများနှင့် ဧည့်သည်တော်များသည် မင်္ဂလာဆီမီးတိုင်ကို ထွန်းညှိပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ဒီပါဝလီပွဲတော်အား မြန်မာ့ရိုးရာရာသီခွင်ပါ သီတင်းကျွတ်လကွယ်နေ့ကို သတ်မှတ်ကျင်းပသည်ဟု သိရှိရကြောင်း၊ ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသည့် ဘာသာရေး၊ ဓမ္မရေးပွဲတော်ဖြစ်သကဲ့သို့ အမျိုးသားရေးပွဲတော်လည်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ “ဒီပါဝလီ” ဟူသည့် စကားလုံးအသုံးအနှုန်းသည် “ဒီပ” နှင့် “အာဝလိ”ဆိုသည့် ပါဠိဘာသာစကားနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး အဓိပ္ပာယ်အားဖြင့် ဆီမီးအလင်းရောင်များ တန်းစီလျက် အဆန်းတကြယ်အသွယ်သွယ် စီခြယ်ထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရသည်ကို လေ့လာမှတ်သားရပါကြောင်း၊ ဘာသာအသီးသီးတို့၏ ဘာသာရေးအခမ်းအနားများ ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် အကူအညီအထောက်အပံ့များ ပေးအပ်လျက်ရှိသကဲ့သို့ အခမ်းအနားများကိုလည်း တာဝန်ရှိသူများက တက်ရောက်၍ အားပေးချီးမြှင့်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို အခြေခံမူလေးချက်ဖြစ်သည့် ‘ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း အပြန်အလှန်လေးစားပြီး အတူတကွ အေးချမ်းစွာနေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေး၊ ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ကြရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန်’ ဟူသည့် ကောင်းမြတ်သော အခြေခံမူများချမှတ်ပြီး ဆောင်ရွက်နေကြပါကြောင်း။

ဟိန္ဒူဘာသာဝင်များအနေဖြင့် ဤကောင်းမြတ်သည့် အခြေခံမူများနှင့်အညီ ဘာသာကြီးလေးခု၏ ချစ်ကြည်ညီညွတ်မှုကို ဝိုင်းဝန်းကူညီပြီး ဆက်လက်အကောင်အထည်ဖော်ကြစေ လိုပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆက်သွယ်မှုများ ယခင်ကထက် တိုးတက်ဆောင်ရွက်လာနေသည့် ယခုလိုအချိန်အခါတွင် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းကြီးအနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီ ချက်များနှင့်အညီ စီးပွားရေးခွန်အားများနှင့် အခွင့်အလမ်းများကို ဖော်ထုတ်တိုးပွားနိုင်ကြလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်ကာလ ဆီမီးထွန်းညှိပူဇော်ခြင်းကို အခြေခံပြီး လူသားအချင်းချင်း အပြန်အလှန်ချစ်ခင်ရင်းနှီးခြင်း မေတ္တာတရား၊ အပြန်အလှန်သည်းခံခွင့်လွှတ်ခြင်း အဟိံသတရား၊ သနားကြင်နာခြင်း ကရုဏာတရားစသည့် ဓမ္မအလင်းတန်းများ ဖြန့်ကြက်ဝေဖြာနိုင်ပါစေ၊ တစ်ဦးနှင့်တစ်ဦး မေတ္တာအလင်းရောင် လင်းလက်ကူးယှက်ကြပြီး မြန်မာနိုင်ငံတော်ကြီး၏ အကျိုးစီးပွားကို ရှေးရှုကြလျက် နိုင်ငံတော်ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများမှာ စည်းလုံးညီညာစွာ ပါဝင်ထမ်းဆောင်နိုင်ကြပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်အား အိန္ဒိယသံအမတ်ကြီးက ဒီပါဝလီဂုဏ်ပြုပန်းခြင်းဖြင့် ဂါရဝပြု၍ ဒီပါဝလီနေ့အကြောင်း ရှင်းလင်းတင်ပြပြီး ဒီပါဝလီပွဲတော်မှတ်တမ်းဗီဒီယိုပြသကာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားကြသည်။

ထို့နောက် အိန္ဒိယသံရုံးက ဟိန္ဒူရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်