ရန်ကုန် သြဂုတ် ၂၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဖြစ်ပွားနေသော Coronavirus Disease (COVID-19) ရောဂါ ကူးစက်မှု အခြေအနေနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ခန်းမ ၃ တွင်ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကားပြောကြားရာ ကိုဗစ်-၁၉ ရောဂါအား တိုင်းဒေသကြီးအတွင်းသို့ မကူးဆက်စေရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် မြို့အဝင်ဂိတ်များကို ပြန်လည်ဖွင့်လှစ် စစ်ဆေးခြင်းနှင့် တိုင်းဒေသကြီးအတွင်း ဝင်ထွက်သွားလာမှုများကို စနစ်တကျ မတားဆီးနိုင်ခဲ့ပါက တိုင်းအတွင်း ကူးစက်မှုများဖြစ်ပေါ်လာနိုင်၍ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ဝေးခရီးသွားများ ဝင်လာပါက ကျန်းမာရေးဝန်ကြီးဌာနသို့ ချက်ချင်းသတင်းပေးပို့ အကြောင်း ကြားရေး ဆောင်ရွက်ရန်လိုကြောင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ပြည်သူများသိရှိအောင် ရပ်ကွက်/ ကျေးရွာအတွင်း အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယခုလို ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးလုံခြုံစိတ်ချရပြီး တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှု မရှိစေရေးအတွက် ဆောင်ရွက် ခြင်း ဖြစ်ကြောင်း ပြည်သူများနားလည် သဘောပေါက်အောင် ရှင်းပြဖို့ လိုအပ်မည်ဖြစ်ကြောင်းနှင့် Quarantine Centre များ ထားရှိရေး အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာန နှင့် ညှိနှိုင်းပြီး ဆောင်ရွက်ရေး ဆက်လက်ပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုအိမ်ရာ စီမံကိန်းအတွင်းရှိ ရိုးမရိပ်သာ အိမ်ရာအား လိုအပ်ပါကအသုံးပြုရန် Coronavirus Disease (COVID-19) Quarantine Center အဖြစ် ကြိုတင် ပြင်ဆင် ထားရှိရန်အတွက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆန်းကျော်ဦး (ပြန်/ဆက်)