ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ရှိ အောင်မိသားစု Bamboo and Rattan Handmade Bags Production & Trading Centre မှ ဒေသထွက်ကြိမ်၊ ဝါး၊ ဗေဒါကုန်ကြမ်းများကို အသုံးပြု၍ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသော မြန်မာ့လက်မှုရိုးရာ HandMade ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိပြီး ရေကြည်မြို့နှင့် ငါးသိုင်းချောင်းမြို့များသည် ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ လက်ရှိစီးပွားရေးလုပ်ငန်းရှင် လက်ကြီးသမား ၁၀ ဦးကျော်လုပ်ငန်းရှင်အသေး ၁၀၀ ကျော်နှင့် မြို့နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးရွာပေါင်း ၅၀ ကျော်မှ ကျေးလက်နေဒေသခံပြည်သူ ၂၀၀၀ ကျော်အား MSME လုပ်ငန်းများဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်၊၊
ဈေးကွက်အတွင်း လုပ်ငန်းရှင်မှ ထုတ်လုပ်ထားသော ပစ္စည်းများအပြင် ဝယ်ယူသူမှ အော်ဒါမှာယူသော ဒီဇိုင်းပုံစံများကိုလည်း ပြုလုပ်ပေးရပြီး ဦးထုပ်အမျိုးမျိုး၊ ခမောက်၊ ဆွဲခြင်းအမျိုးမျိုး၊ တောင်း၊ စကော၊ ဇကာ၊ စားပွဲတင်ပန်းအိုး၊ ဘောပင်ခြင်း၊ တစ်ရှုးဘောက်၊ ပိုက်ဆံအိတ်အမျိုးမျိုး၊ အမျိုးသမီးအိတ်မျိုးစုံ၊ ခြင်းလုံး၊ အလှခတ်ခြင်း၊ ဟော်တယ်သုံးကော်ဖီခွက်အောက်ခံပြား၊ အမှိုက်ခြင်း၊ ကျောင်းသုံးဆွဲခြင်းအမျိုးမျိုး၊ ပန်းအိုးအကြီး၊ အသေးမျိုးစုံ ဟိုတယ်သုံး အဝတ်အစားထည့်ခြင်း၊ သစ်သီးခြင်း၊ လက်ဆောင်ခြင်း၊ ဇွန်းခရင်းထည့်သောခွက် ဟိုတယ်သုံးစောင်၊ ခြင်ထောင်ထည့်သောခြင်း၊ ခေါင်းအုံး စသည့်တို့အပြင် ပစ္စည်းတစ်ခုချင်းအတွက် အမျိုးအစားပေါင်းစုံ ရာဂဏန်းကျော်ပြုလုပ်၍ မြန်မာပြည်အတွင်း အမှာစာရရှိသောနေရာများသို့ ပေးပို့ရာတွင် ငွေဆောင်၊ ချောင်းသာ၊ ကမ်းခြေဒေသများနှင့် တန်ခိုးကြီးဘုရားများရှိသော မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ ကျိုက်ထီးရိုး၊ မကွေး၊ စစ်ကိုင်းမြို့၊ ပြည်မြို့များတွင် အဓိကလာရောက်လည်ပတ်သော ပြည်တွင်းပြည်ပဧည့်ခရီးသွားများမှ အများဆုံး လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်၊၊
ဦးထုပ် ကျားဆောင်းတစ်လုံးလျှင် ကျပ် ၂၀၀၀/၅၀၀၀၊ မဆောင်းဦးထုပ်တစ်လုံးလျှင် ၄၅၀၀/ ၅၀၀၀၊ ဗန်းအသေးအကြီး ၄၅၀၀ /၂၅၀၀၀ ကျပ် ဘောပင်ထည့်ခွက် ၂၀၀၀/ ၂၇၀၀ကျပ်၊ သစ်သီးခြင်း ၄၅၀၀/၇၅၀၀ကျပ်၊ ဗေဒါအိတ်အကြီးအသေး ၆၅၀၀/ ၁၇၀၀၀ ကျပ်၊ စားပွဲတင်ပန်းအိုး ၄၅၀၀ ကျပ် နှင့်ပစ္စည်းအမျိုးအစား အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း ကြိမ်၊ ဝါး၊ လက်မှု ပစ္စည်းများကို ပြည်တွင်းမှာ အိမ်အသုံးအဆာင်၊ ရုံးသုံးနှင့် ဟိုတယ်သုံးပစ္စည်းများအပြင် ပြည်ပဈေးကွက်မှလည်း ဝယ်ယူသူကြိုက်နှစ်သက်မှုရှိကြောင်း online မှလည်း ဂျပန်၊ စင်ကာပူ၊ ဩစတြေးလျနှင့် အခြားနိုင်ငံများမှလည်း အမျိုးသမီးသုံး အိတ်မျိုးစုံဖိနပ်နှင့်ဦးထုပ်ကို အများဆုံးမှာယူလျက်ရှိကြောင်း လုပ်ငန်းရှင်မှ ပြောကြားပါသည်၊၊
မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများသည် ကျေးရွာနေလူတန်းစားများအတွက် အိုးမကွာ၊ အိမ်မကွာ ဝင်ငွေရှိပြီး ဒေသထွက်ကုန်သယံဇာတများကို အသုံးပြုလျက် ကုန်ချောများပြုလုပ် ရောင်းချနိုင်ခြင်းဖြင့် ပြည်တွင်းပြည်ပဝင်ငွေရကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product တစ်ခုဖြစ်ပြီး လုပ်သားများအနေဖြင့်လည်း တစ်နေ့လျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အတွင်း ဝင်ငွေရရှိနေသော MSME လုပ်ငန်းများဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်၊၊
DOCA(ဧရာဝတီ)