Skip to main content

ကိုယ်ကျင့်တရား၊ ရောင့်ရဲတင်းတိမ်ခြင်း၊ ရိုးသားခြင်းနှင့် အဂတိလိုက်စားမှု

အဂတိလိုက်စားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် စိုးရိမ်နေရသော အရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ကိုယ်ကျိုးစီးပွားရှာဖွေခြင်းပြဿနာမှစတင်လာကာ နေရာဌာနများစွာနှင့် ပတ်သက်နေသဖြင့် စီမံဖြေရှင်းရန် ခက်ခဲလှသည်။ အဂတိလိုက်စားမှုသည် တိုင်းပြည်၊ နိုင်ငံအများအပြားတွင် အသီးသီးဖြစ်ပေါ်လျက်ရှိနေသောကြောင့် အဂတိလိုက်စားခြင်းကို အပြည်ပြည်ဆိုင်ရာ ပြဿနာအဖြစ် သတ်မှတ်နိုင်သည်။ ဖွံ့ဖြိုးတိုးတက်သည့်တိုင်းပြည်များ၊ ဖွံ့ဖြိုးတိုးတက်ဆဲတိုင်းပြည်များတွင် တိုင်းပြည်အဆင့်၊ ဒေသအဆင့်အလိုက် ပရဟိတအဖွဲ့အစည်းများ၊ ဆင်းရဲချို့တဲ့သူများကို ကူညီပေးသောအဖွဲ့အစည်းများတွင်ပင် အဂတိလိုက်စားမှုများရှိနေသောကြောင့် အမှုတိုင်ကြားခြင်း၊ တရားစွဲဆိုခြင်းများကို ယနေ့ခေတ်တွင် တွေ့မြင်နေရသည်။

သို့ဖြစ်၍ အဂတိလိုက်စားမှုသည် အလေးထားဖြေရှင်းရန် တာဝန်တစ်ရပ်ဖြစ်လာသည်။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက်ဖြစ်စေသော ပြဿနာကြီးတစ်ခုဖြစ်၍ တိုင်းပြည်တိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် အရေးကြီးသည့်အချက်တစ်ချက်မှာ အဂတိလိုက်စားမှုအား နှိမ်နင်းရန် ဖြစ်ကြောင်း သိရှိလာကြပြီးဖြစ်သည်။ အဂတိလိုက်စားမှု ကို တိုက်ဖျက်ရာတွင် ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီးအားလုံး အစဉ်သတိပြုမိစေရန် လိုအပ်သည့်အရေးကြီးဆုံးအချက်မှာ ကိုယ်ကျင့် တရားတည်ဆောက်ရန် ဖြစ် သည်။

  ကိုယ်ကျင့်တရားဖြင့် အဂတိကိုကာကွယ်ခြင်း

ကိုယ်ကျင့်တရားသည် လူ့အဖွဲ့အစည်းနှင့် မိမိကိုယ်တိုင်၏အကျိုးအတွက် ကောင်းသောအပြုအမူဖြစ်ပြီး မည်သည့်အရာအား လုပ်သင့်သည်/မလုပ်သင့်သည်ကို သိခြင်းဖြစ်သည်။ ကိုယ်ကျင့်တရားသည် လူတို့၏ အတွင်းစိတ်ဓာတ်အသိတရားအားဖြင့် ဖြစ်လာခြင်းဖြစ်ပြီး အကြောင်းအရာတိုင်း၏ အကောင်းအဆိုးကိုခွဲခြားနိုင်၍ လုပ်သင့်သည်/မလုပ်သင့်သည်ကို ရွေးချယ်ဆုံးဖြတ်နိုင်သော အပြု အမူ ဖြစ်သည်။ လူကောင်း တို့၏ အမူအကျင့်အဖြစ် သတ်မှတ်နိုင်သည်။

လူတို့တွင် ကောင်းမွန်သည့်ကိုယ်ကျင့်တရားကို ဖြစ်စေနိုင်သည့် အကြောင်းအကျိုး သိမြင်ဆင်ခြင်နိုင်ခြင်းဆိုသည်မှာ အမှန်တရားအား နားလည်ခြင်း၊ ခွဲခြားနိုင်ခြင်း၊ မည်သည့်အရာက မှန်သည်/မှားသည် စသည်ဖြင့် တွေးခေါ်ဆုံးဖြတ်နိုင်ခြင်းဖြစ်သည်။ ကောင်းဆိုး၊ ယုံကြည် ချက်အား နည်းလမ်းအဖြစ် လက်ခံ ကျင့်သုံးခြင်းဖြစ်သည်။ ဖော်ထုတ်ပြုမူရာတွင် လူတို့သည် ဆုံးဖြတ်ထားသည့် အတိုင်း လုပ်ဆောင် ကြပြီး နောက် မှားသည်/မှန်သည်ဟု ထင်မြင်ယူဆချက်ပေးမှုမှာ ပတ်ဝန်းကျင်အခြေအနေနှင့် သာ သက်ဆိုင်သည်။
အောက် ဖော်ပြပါ ကိုယ်ကျင့်တရား(၇)ပါးသည် လူသားတို့ထံတွင် အဂတိမှုလျော့နည်း၊ ကင်းစင်သွား စေရန် အထောက်အကူပြုသည်။

  ကြိုးစားခြင်း

လုပ်ငန်းတာဝန်အပေါ် စိတ်ပါဝင်စားစွာဖြင့် ကြိုးစား ဆောင်ရွက်ကာ ဘေးအန္တရာယ်တို့နှင့် တွေ့ကြုံ သောအခါ နောက်ဆုတ်ခြင်းမရှိ မဆုတ်မနစ် ကြိုးစားခြင်းဖြစ်ပြီး ကြိုးစားခြင်းနှင့် ဉာဏ်ပညာအား ပူးပေါင်း အသုံးချခြင်းဖြင့် အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်ကာ ရည်မှန်းထား သောအောင်မြင်မှုကို ရယူခြင်းဖြစ်သည်။

ချွေတာခြင်း

မိမိပိုင်ပစ္စည်းများကို တန်ဖိုးထားအသုံးပြု၍ စုဆောင်းမှုပြုလုပ်ရန်သိရှိခြင်း ဖြစ်သည်။ ဆင်ခြင်တုံ တရား ရှိခြင်းသည် မိမိအား အကျိုးဖြစ်စေပြီး အသုံး အဖြုန်းကြီးမှုကို ကာကွယ်ပေးသည်။

ရိုးသားခြင်း

အဂတိဘက်သို့ စိတ်ယိုင်ခြင်းမရှိ၊ အပြုအမူအားဖြင့် လည်း တိမ်းစောင်းခြင်းမရှိသော စိတ်ရင်းဆန္ဒမှန်များ လူသားတို့ထံတွင် တည်ရှိရန် လိုအပ်ပါသည်။

စည်းကမ်း

လူ့အဖွဲ့အစည်း၏စည်းကမ်း၊ မိမိကိုယ်တိုင်သတ်မှတ် ထားသောစည်းကမ်း သတ်မှတ်ချက်များကို လိုက်နာပြုမူ ခြင်းဖြစ်သည်။

ယဉ်ကျေးမှုရှိခြင်း

ဂါရဝတရားရှိပြီး ကောင်းမွန်သည့် လိမ္မာယဉ်ကျေး သော အပြုအမူ၊ သိမ်မွေ့သော ပြောဆိုနေထိုင်မှုတို့ဖြင့် ပြည့်စုံခြင်းဖြစ်သည်။
သန့်ရှင်းမှု

မိမိ၏ စိတ်နှင့်ခန္ဓာကိုယ် ပြုမူနေထိုင်မှုတွင် အပြစ် အနာဆာကင်းပြီး မိမိကို မြင်တွေ့ရသူတို့အား စိတ် ချမ်းသာ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေ၍ မိမိကလည်း ပျော်ရွှင် သော ပတ်ဝန်းကျင်ကို မြင်တွေ့ နိုင်ခြင်းဖြစ်သည်။

ညီညွတ်ခြင်း

တစ်သားတည်းဖြစ်ခြင်း၊ ဝိုင်းဝန်းခြင်း၊ စည်းလုံးခြင်း၊ စိတ်တူကိုယ်တူဖြစ်ခြင်းဖြင့် လုပ်ငန်း လုပ်ဆောင် ချက်များ၊ လုပ်ငန်းအသစ်များကို အောင်မြင်တိုးတက်လာစေပြီး ခိုက်ရန်ဖြစ်ပွားခြင်းမှ ကင်းဝေး စေခြင်း ဖြစ်သည်။

စေတနာရှိခြင်း

မိမိအတွက် လုံလောက်ပြည့်စုံရန်အတွက်သာမမြင် ဘဲ အမှန်တကယ် စိတ်ရင်းဖြင့် အခြားသူတို့အား တန်ဖိုး ထားခြင်း၊ အခြားသူတို့လိုအပ်သော အကူအညီ၊ ဂရုစိုက်မှု၊ ဖေးမမှုများပေးခြင်း၊ အချင်းချင်း ကူညီဖေးမရန် အဆင် သင့်ရှိနေခြင်းဖြစ်သည်။

ရောင့်ရဲတင်းတိမ်တတ်သည့် ကိုယ်ကျင့်တရား

မိမိကိုယ်ကိုယ် ရောင့်ရဲတင်းတိမ်တတ်စေရန် လေ့ ကျင့်ခြင်းသည် ကိုယ်ကျင့်တရားစောင့်ထိန်းမှုမြင့်မားစေရန် လူသားတို့အနေဖြင့် မိမိတို့၏စွမ်းရည်ကို တိုးတက် အောင်ပြုလုပ်သည့် နည်းလမ်း တစ်ခုဖြစ် သည်။ အဘယ် ကြောင့်ဆိုသော် လူတစ်ဦးချင်းစီ၏စွမ်းရည် ဖွံ့ဖြိုး တိုး တက်လာခြင်းဖြင့် မိမိ၏ အပြုအမူများကို ကိုယ်စီ ထိန်း ချုပ်နိုင်လာမည်ဆိုလျှင် လူသားတို့၏အပြုအမူသည် လူ့ အဖွဲ့အစည်း၏ စည်းဘောင်အတွင်းသို့ ရောက်ရှိ လာ လိမ့်မည်။ ပုံမှန်အခြေအနေ၊ ပြဿနာဖိတ်ခေါ်မှု အခြေ အနေ၊ သဘောထားကွဲလွဲမှုအခြေအနေ အားလုံး အတွက် လည်း မိမိ၏ ကိုယ်ကျင့်တရား တိုးတက်လာစေရန် လေ့ကျင့်သင့်သည်။လူတို့၏ စွမ်းရည် တိုးတက်စေရန် အောက်ပါအချက် များကို လေ့ကျင့်ပျိုးထောင်သင့်ပါသည်။

အခြေခံအဆင့်လေ့ကျင့်ခြင်း

သာဓကအားဖြင့် ချွေတာစုဆောင်းရန် သိရှိခြင်း၊ ရိုး သားခြင်း၊ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှုရှိခြင်း၊ တာဝန်ယူမှုရှိခြင်း၊ အချိန်တိကျခြင်း၊ ဂါရဝတရားရှိခြင်း၊ နိုင်ငံအား ချစ်မြတ်နိုးခြင်း စသော အခြေခံ ကိုယ်ကျင့် တရားများ မိမိထံတွင်တည်စေရန် အားထုတ်သင့်သည်။

မိမိယုံကြည်ကိုးကွယ်သည့် ဘာသာသာသနာအားစောင့်ရှောက်ခြင်း

မိမိတို့ ယုံကြည်ကိုးကွယ်သည့် ဘာသာတရား၏ မှတ်ချက်များမှ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိရန် တွေးခေါ်နိုင်သည့်အလျောက် လူပီသလာပြီး စိတ်ထဲမှ မကောင်းမှုပြုလိုစိတ်များကို ရှောင်ဖယ် နိုင်ပါသည်။
အာရုံစူးစိုက်ခြင်း

အာရုံစူးစိုက်ခြင်းသည် စိတ်တည်ငြိမ်စေရန် လေ့ ကျင့်မှုဖြစ်ပြီး စိတ်ကို တစ်နေရာတည်းတွင် အာရုံစူးစိုက် မှုဖြစ်ပေါ်စေကာ သန့်ရှင်းငြိမ်းချမ်းသော စိတ်အင်အား တို့ကို ဖြစ်ပေါ်စေသည်။ ခိုင်မာသောစိတ်၊ ယုံကြည်မှုရှိ သောစိတ်၊ သေချာသောစိတ်ဆန္ဒတို့သည် ပကတိ အခြေ အနေနှင့် အဖြစ်အပျက် အားလုံး၊ပြဿနာ အားလုံးတို့ကို ဖြေရှင်းနိုင်စွမ်း မြင့်မားစေသည်။

ပေးဆပ်သူအဖြစ် လေ့ကျင့်ခြင်း

အကျိုးတစ်စုံတစ်ရာကို ပြန်လည်ရယူရန် မျှော်လင့် ခြင်းမရှိဘဲ အများအကျိုးအတွက် စိတ်ရောကိုယ်ပါ ပေး ဆပ်နိုင် သူဖြစ်အောင် ကြိုးစားခြင်းဖြစ်သည်။ သာဓက အားဖြင့် ခွင့်လွှတ်ခြင်း၊ ဝေမျှခြင်း၊ ပေးလှူရခြင်းတို့ကို နှစ်သက်စွာ အဖန်ဖန်ဆောင်ရွက်၍ အလေ့အထ၊ အထုံပါရမီ ဖြစ်စေခြင်းဖြစ်သည်။

ရိုးသား ခြင်း/ အခြေခံအကျင့် တည်ဆောက်မှုဖြင့်အဂတိကိုကာကွယ်ခြင်းရိုးသားခြင်းသည်

အဂတိလိုက်စားခြင်းကဲ့သို့ ဘက် လိုက်သည့်ခံစားမှု ကင်းရှင်းပြီး စိတ်ရင်းမှန်ရှိခြင်း၊ ပရိ ယာယ်မရှိခြင်း၊ တိမ်းညွတ်မှုမရှိခြင်း စသည့်အပြုအမူ များရှိသည်။ ရိုးသားဖြောင့်မတ်သူသည် အသက်မွေးဝမ်း ကျောင်း အလုပ်တာဝန်အားလုံးတို့အပေါ် ဖြောင့်မတ် သည့်အပြုအမူရှိသည်။ သာဓကအားဖြင့် အချိန်တိကျ မှန်ကန်ခြင်း၊ ပရိယာယ်မာယာသုံး၍ လိမ်လည်လှည့်ဖြား ခြင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ် ခြင်း၊ မိမိတာဝန်ကို အပြည့်အဝ အမှန်အကန် ထမ်းဆောင် ခြင်း စသည့် အပြုအမူများ ပိုင်ဆိုင်၍ လူနေမှုဘဝတွင် အမှန်တကယ် ယုံကြည်ထိုက်သူများဖြစ်သည်။ မိမိကိုယ် တိုင်နှင့် အခြားသူများအပေါ် စိတ်ရင်းအမှန်ဖြင့်သာ ပြုမူ ဆက်ဆံပြီးကိုယ်၊ နှုတ်၊ စိတ်၊ အပြုအမူတိုင်းတွင် မှားယွင်း သည့်အပြုအမူကို ရှက်ရွံ့အားနာကြောင်း မြင်တွေ့နိုင် သည်။

ရိုးသားဖြောင့်မတ်သော အပြုအမူများကို ကိုယ်အမူ အရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာအားဖြင့် ဖော်ပြရ လျှင် -

ကိုယ်အားဖြင့် ရိုးသားခြင်း။ ။ကိုယ်ကာယလုပ်ဆောင်မှု ပိုင်းတွင် ရိုးသားခြင်းဖြစ်သည်။ ပြုမူလုပ်ဆောင်ချက်များ မှန်ကန်ကောင်းမွန်ပြီး အပြုအမူကောင်းများရှိခြင်း၊ ဖိနှိပ် မှုကို ရှောင်ကြဉ်ခြင်း၊ အခွင့်အရေးမယူခြင်း၊ မေတ္တာ ကရုဏာထားရှိခြင်း၊ အချင်းချင်း ကူညီရိုင်းပင်းခြင်း၊ လုယက်/ခိုးဆိုးမှုကို ရှောင်ကြဉ်ခြင်း၊ တစ်ဦး၏အခွင့် အရေးကို တစ်ဦးက လေးစားခြင်း၊ အခြားသူများကိုလည်း ချစ်ခင်ပြီး စိုးရိမ်ပေးခြင်း၊ သူတစ်ပါးအားဖျက်ဆီးမှုမပြု ခြင်း အပြုအမူများသည် ကိုယ်အားဖြင့် ရိုးသားခြင်းဖြစ် သည်။

နှုတ်အားဖြင့် ရိုးသားခြင်း။ ။ပြောဆိုပြုမူလုပ်ဆောင်ချက် များသည် မှန်ကန်ကောင်းမွန်ပြီး မှန်ကန်သော စကား ကိုပြောဆိုခြင်း၊ လိမ်လည်ပြောဆိုမှုမပြုခြင်း၊ ကိုယ်ကျိုး အတွက် အမှန်ကို အမှားဖြစ်စေရန် လုပ်ကြံပြောဆိုမှု မရှိ ခြင်း၊ သဘောထားကွဲလွဲရှုပ်ထွေးစေမည့် သွေးခွဲစကား မပြောခြင်း၊ ဖွံ့ဖြိုးတိုးတက်စေသည့် ညီညွတ်ရေးစကား ကိုသာ ပြောဆိုခြင်း၊ ညစ်ညမ်းပြီး အကျိုးမရှိသော စကား များကို ရှောင်ကြဉ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့သည့် စကား ကိုသာ ပြောဆိုခြင်းမှသည် ကျိုးကြောင်းဆီလျော် မှန်ကန် မှု ရှိသည့်စကား၊ ကာလဒေသအလိုက် အကျိုးရှိပြီး သင့် လျော်လျောက်ပတ်သည့်စကားကိုသာ ပြောဆိုခြင်းတို့ကို ဆိုလိုသည်။

စိတ်နှလုံးအားဖြင့်ရိုးသားခြင်း။ ။ စိတ်နှလုံးရိုးသားခြင်းဆိုသည်မှာ လောဘမရှိခြင်း၊ အနစ်နာခံခြင်း၊ သဘော ထားကြီးခြင်း၊ အခွင့်အရေးယူလိုသည့်အတွေးဆိုးများ ကြံစည် တွေးတောမှုမပြုခြင်း၊ ကောင်းမွန်သောဆန္ဒများ ရှိခြင်း၊ ခင်မင်ရင်းနှီးမှုရှိခြင်း၊ စိတ်ချမ်းသာမှုများကိုသာ ဖြစ်ပေါ်စေခြင်းတို့ ဖြစ်သည်။

လောကသဘောတရားကို မှန်ကန်စွာသိမြင်ပြီး အဓိကအားဖြင့် နားလည်လက်ခံထားသည်မှာ "ကောင်း သည့်အပြုအမူကိုပြုလျှင် ကောင်းမှုကို ခံစားရမည်၊ မကောင်းမှုပြုလျှင် မကောင်းမှုကို ခံစားရမည်"ဟု နှလုံး သွင်း၍ သက်ရှိ ကမ္ဘာလောက၏ သဘောသဘာဝ အမှန် တရားများကို သိရှိနားလည်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ လူသားများသည် အခြားလူများ၏ ပတ်ဝန်းကျင်ဖြစ်သည်။ မိမိကိုယ်တိုင်သည် အခြားသူများ၏ ပတ်ဝန်းကျင်ဖြစ်ပြီး အခြားသူများသည် မိမိ၏ပတ်ဝန်းကျင်ဖြစ်သည်။ ထို့ ကြောင့် မိမိပတ်ဝန်းကျင်ရှိ အပေါင်းအသင်း လူသား မိတ် ဆွေများအတွက် အချင်းချင်း အပြန်အလှန်မေတ္တာများ ထားရှိသင့်လှပါသည်။

မိမိတို့သည် လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ဆက်စပ် နေထိုင်ရသောကြောင့် အတူတကွ လက်တွဲနေထိုင်ကြ သော မိသားစုဝင်တိုင်းသည် ဘဝစီမံမှုအတွက် လူ့အဖွဲ့ အစည်း၏ စည်းကမ်းများကို လိုက်နာရမည်။ အခြားသူ များကို အခွင့်အရေးယူ နှောင့်ယှက်မှု မပြုသင့်ပါ။ အခြား သူတို့၏ ထင်မြင်ယူဆချက်များကိုလည်း နားထောင် ပေးပြီး စည်းလုံးညီညွတ်မှုရှိကာ ရိုးသားဖြောင့်မတ်ရမည်။ မိမိတာဝန်ကိုသိရှိပြီး တစ်ပါးသူတို့ကို ကူညီ၍ သဘော ထားကွဲလွဲခြင်း ပြဿနာများ ကြီးထွားစေမှုကို ရှောင်ကြဉ် သင့်လှပါသည်။

မိမိ၏စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တရား(သစ္စာ)၊ စိတ်ထိန်းချုပ်ခြင်း(ဓမ္မ)၊ သည်းခံခြင်း (ခန္တီ)နှင့် စွန့်လွှတ်အနစ်နာခံခြင်း(အလောဘ) တရား လေးပါးသည် မိမိကိုယ်ကို တန်ဆာဆင်အပ်သော ကိုယ် တိုင် လိုက်နာသင့်သည့် အပြုအမူကောင်းများဖြစ်သည်။

အချုပ်အားဖြင့် ဖော်ပြပါများသည် အဂတိမှုကင်းစင် စေရေးအတွက် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် စေရန် နေ့စဉ်ဘဝတွင် လိုက်နာသင့်သည့်အရာများဖြစ် သော်လည်း လူသားတို့၏ စိတ်သဘောသည် အချိန် တိုင်း ပြောင်းလဲမှုရှိနေနိုင်သောကြောင့် အဆိုပါ အပြုအမူ အားလုံးကို အလေ့အကျင့်ဖြစ်စေရန် လုပ်ဆောင် ရသည်မှာ လွယ်ကူမည်တော့မဟုတ်ပါ။ သို့ရာတွင် အသက်အရွယ် အပိုင်းအခြားမရွေး လူသားအားလုံးသည် ဘဝတန်ဖိုးကို သိပြီး အဂတိလိုက်စားမှုကို ကာကွယ်တိုက်ဖျက်ရန် ရည် ရွယ်ချက်ထားရှိသင့်လှပေရာ လူတိုင်းကိုယ်စီ တာဝန်ယူမှု ရှိရှိဖြင့် မည်သည့်အရာက ကောင်းသောအပြုအမူ ဖြစ် သောကြောင့် ပြုမူ သင့်သည်၊ မည်သည့်အရာက မပြုမူသင့် ပါ စသည်ဖြင့် အသိစိတ်မွေးမြူ၍ ကိုယ်ကျင့်တရား၊ ရောင့် ရဲတင်း တိမ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းတို့ဖြင့် မိမိတို့နိုင်ငံ အား အဂတိကင်းစင်သောနိုင်ငံ ဖြစ်လာစေရန် ကိုယ်စီ ကိုယ်စီ ကာကွယ်တည်ဆောက်သင့်လှပေသည်။ ။

အောင်မြတ်