နေပြည်တော် နိုဝင်ဘာ ၅
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်က တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြိတ်မြို့ ထားဝယ်စုရပ်ကွက် ရွှေနန်းတော်မုန့်တိုက် အရှေ့နဝရတ်လမ်းသွယ်အနီး၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် 888 Playing Cards ဖဲချပ် ၄၆၀၈ ထုပ်အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂၈၉၆၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃ ရက် က အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Wellman အားဆေးဘူး ၁၀၀၈၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၉၁၅၉၇၃၄) ကိုလည်းကောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ခရီးသည်(၃)ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် iPhone 15 ProMax ၂၅၉ လုံး၊ အမေရိကန်ဒေါ်လာ ၁၀၀ တန်ဟု ယူဆရသော နိုင်ငံခြားငွေ ၁၂၀၀၀၀ ဒေါ်လာနှင့် Gold 999.9 1 Kilo စာတမ်းပါ ရွှေဟုယူဆရသော အတုံး ၁၆ တုံး ၁၆ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၄၆၅၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၃၅၆၅၉၇၃၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝေါမြို့နယ် သပြေကန်ရွာအနီး၌ ကျိုက်ထိုမြို့မှ ဒိုက်ဦးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Prawn Hornet စားအုန်းဆီ ၅၄၀၀ လီတာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကိုလည်းကောင်း ဘုရားကြီးမြို့ ကသစ်ဝိုင်ဓမ္မရိပ်သာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် MAXTIRES ကားတာယာ ၁၈ လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၃၆၅၉၄၉၃၃၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်