နေပြည်တော် နိုဝင်ဘာ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များသည် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသို့ နိုဝင်ဘာ ၄ ရက်တွင် လာရောက်လေ့လာရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အလားတူ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက ရုရှားစစ်ရေယာဉ်များသို့ သွားရောက်လေ့လာရာ ရုရှားစစ်ရေယာဉ်များမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်၍ ရေယာဉ်ပေါ်တွင် လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။
နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ရုရှားစစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲနှင့် ချစ်ကြည်ရေးလွန်ဆွဲပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့ပြင် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းပထမအဆင့်အနေဖြင့် နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များဖြင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) ဆောင်ရွက်ခဲ့ကြသည်။ ရုရှားစစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များသည် ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီး သွားရောက်လည်ပတ်ခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်