Skip to main content

ရသေ့တောင်မြို့နယ်၌ မိုခါမုန်တိုင်းသင့်တောင်သူများအတွက် နိုင်ငံတော်ကထောက်ပံ့ခဲ့သည့် မျိုးစပါးများ စိုက်ပျိုးခဲ့မှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ရသေ့တောင် နိုဝင်ဘာ ၅

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် မျိုးစပါးများအတွက် နိုင်ငံတော်က ထောက်ပံ့ပေးခဲ့သည့် GW-11၊ နှံကောက်၊ ကြားပျံ၊ ပေါ်ဆန်းရင် မျိုးစပါးများကို စိုက်ပျိုးခဲ့ရာ ယခုချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း(အပေါ်ပုံ) မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

ရသေ့တောင်မြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၇၈၀၆၂ ဧက ရှိပြီး မိုခါမုန်တိုင်းကြောင့် ဒေသခံတောင်သူများတွင် သိုလှောင်ထားသည့် မြို့နယ်မိုးစပါး စိုက်ဧက၏ ၆၀ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးနိုင်သော မျိုးစပါးများ ပျက်စီးခဲ့ကြောင်း သိရသည်။

မုန်တိုင်းလွန်ကာလများ၌ ရသေ့တောင်မြို့နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်လာစေရေးအတွက် နိုင်ငံတော်က မျိုးကောင်း မျိုးသန့် စပါးလေးမျိုး တင်းပေါင်း ၅၄၀၁၃ တင်းကို ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာအုပ်စု ၈၄ အုပ်စုရှိ တောင်သူ ၈၇၈၁ ဦးတို့က စိုက် ဧက ၄၃၂၀၈ ဧကကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်ကထောက်ပံ့ခဲ့သည့် မျိုးစပါးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးခဲ့ကြရာ ယခုအချိန်တွင် စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး (ဝဲပုံ) GW-11၊ နှံကောက်စပါးများ ပိုမိုဖြစ်ထွန်းခဲ့သည့်အတွက် ဒေသခံတောင်သူများ ကြိုက်နှစ် သက်ကြကြောင်း သိရသည်။

အရင်က စိုက်ပျိုးခဲ့တဲ့ မျိုးစပါးနဲ့ အခုစိုက်ပျိုးတဲ့ မျိုးစပါးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခု စိုက်ပျိုးတဲ့ မျိုးစပါး၊ နိုင်ငံတော်က ထောက်ပံ့တဲ့ မျိုးစပါးပေါ့။ သူက ကျွန်တော်တို့ဒေသမှာ အထွက် နှုန်း ပိုကောင်းပါတယ်။ GW-11 ၊ နှံကောက် မျိုးစပါးဟာဆိုရင် သက်တမ်းတိုတဲ့ မျိုးဖြစ်တာကြောင့် စိုက်ပျိုးလို့ပိုကောင်းပါတယ်။ စပါးအထွက်နှုန်းကောင်းတာကြောင့် ဒီနှစ်တော့ ကျွန်တော်တို့ မိသားစုဝမ်းစာအတွက် ဖူလုံသွားတဲ့အပြင် အရင်နှစ်ကထက် တစ်ဖက်တစ်လမ်းက မိသားစု ဝင်ငွေတိုးတက်လာမှာပါ။ ကျွန်တော်တို့ဒေသကို အခုလိုမျိုးစပါးတွေ ထောက်ပံ့ပေးတဲ့ နိုင်ငံတော်ကိုရော၊ နည်းပညာတွေပေးပြီး အနီးကပ်ကြည့်ရှုပေးတဲ့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကိုရော၊ အဆင့်ဆင့်ဆောင်ရွက်ပေးခဲ့ကြတဲ့ ဌာနတွေကိုရော အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ ဟု မင်းဖူးကျေးရွာနေ တောင်သူ ဦးငမဲချေက ပြောသည်။

ရသေ့တောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မိုးစပါးလျာထားဧက ၇၈၀၆၂ ဧကကို လျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းတိုးတက်ရေးအတွက် ပြည်နယ်အစိုးရ၏ ညွှန်ကြားမှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ က ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)