ရန်ကုန် နိုဝင်ဘာ ၅
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ ဒုတိယအကြိမ် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးများ၊ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ အလုပ်အမှုဆောင်များ၊ ရုပ်သံလွှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အနုပညာရှင်များဖျော်ဖြေ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည်မှာ သောင်းကျန်းသူအဖွဲ့ သုံးဖွဲ့ ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များပင်ဖြစ်ကြောင်း၊ ရုပ်ရှင်လောကသားများအနေဖြင့် အဆိုပါလုပ်ရပ်များအပေါ် လက်မခံကြောင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြသူများထံစာများ ရေးသားပေးပို့ခြင်း၊ သဝဏ်လွှာများ ပေးပို့ခြင်း၊ ကူညီထောက်ပံ့မှုများပေးခြင်းနှင့် အဆင်ပြေသည့်အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြသူများ၊ မိသားစုဝင်များအား အနုပညာရှင်များက သွားရောက်ဖျော်ဖြေခြင်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသည် ရုပ်ရှင်အနုပညာသမားများ၏ အိပ်မက်ပင်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို အင်တိုက်အားတိုက် ဆောင်ရွက်နေသလို ရုပ်ရှင်အနုပညာသမားများကလည်း လိုလိုလားလား တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် ငြိမ်သက်နေသည့် ရုပ်ရှင်လုပ်ငန်းများ ပြန်လည်နိုးထ သက်ဝင်လာပြီး ပုံမှန်နီးပါး ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ယခုကျင်းပမည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို ပိုမိုကောင်းမွန်ပြည့်စုံပြီး အဆင့်အတန်းမီစွာ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကျင်းပနိုင်ရန်အတွက် ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ရေးကိစ္စကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ယူဆောင်ရွက်ပေးရန်နှင့် ကျန်ရှိသည့် လုပ်ငန်းများကို ကော်မတီအဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ရုပ်ရှင်လောကအပါအဝင် အနုပညာလောက တစ်ခုလုံးအတွက် စိတ်စေတနာကောင်းများဖြင့် ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခင်ကျင်းပခဲ့သည့် အခမ်းအနားများ၏ အားသာချက်၊ အားနည်းချက်များကို အခြေခံကာ လိုအပ်ချက်များ၊ အားနည်းချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားသည် ရုပ်ရှင်လောကသားများ၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ ဂုဏ်ဒြပ်များကို ထင်ဟပ်ဖော်ပြနိုင်သည့် အခမ်းအနားဖြစ်သဖြင့် အလေးအနက်ထား ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ရန် ရုပ်ရှင်လောကနှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်များ၊ လုပ်ငန်းများက ပါဝင်ကူညီ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ၂၀၂၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးများနှင့် တက်ရောက်လာကြသူများ က ၂၀၂၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ Melia Hotel ၌ ကျင်းပသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ကြမည့် Borderless Broad-cast Co;Ltd နှင့် Hey Play Co; Ltd တို့နှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ Borderless Broadcast Co;Ltd ၊ Hey Play Co; Ltd ၊ Myanmar Broadcast Association (MBA)၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၊ Forever Group Co;Ltd၊ Family Entertainment Group (5 Plus)၊ Fortune Broadcasting Co;Ltd (Fortune TV)၊ Channel K ၊ YTU ၊ M Channel၊ ABC Content Solutions ၊ New Image Trading Co; Ltd၊ FM ပုဂံ၊ ပတ္တမြား FMနှင့် Cherry FM တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
လက်မှတ်ရေးထိုး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ရှေ့မှောက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် Borderless Broadcast Co;Ltd မှ ဥက္ကဋ္ဌတို့က DTH လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးပြီး အပြန်အလှန် ပေးအပ်ကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် Hey Play Co; Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးထက်ခိုင်ဝင်းတို့ က MRTV Far mers’ Channel နှင့် Sports Channel များအား အဆင့်မြှင့်တင်ထုတ်လွှင့်မှု (Channel Rebranding) လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးပြီး အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
လုပ်ငန်းဆောင်ရွက်ခွင့်ရရှိ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV ရုပ်သံလိုင်းကို ၁၉၈၀ ပြည့်နှစ်မှစ၍ Analogue စနစ်ဖြင့် စတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ရုပ်သံလိုင်း ၁၈ လိုင်းကို DVB-T2 (Digital) စနစ်ဖြင့်လည်း ကောင်း၊ ၂၀၂၂ ခုနှစ်တွင် DTH စနစ်ဖြင့်လည်းကောင်း တိုးချဲ့ထုတ်လွှင့်ခဲ့သည်။
မြန်မာနိုင်ငံတွင် DTH လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့် Broadcaster သုံးဦးရှိပြီး Forever Group Co;Ltd (Canal+)၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက် (Sky Net) နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV DTH) တို့ ဖြစ်သည်။ ယခု Borderless Broadcast Co;Ltd (Myansat) က လေးခုမြောက် DTH လုပ်ငန်းဆောင်ရွက်ခွင့်ရရှိပြီး ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Hey Play Co;Ltd တို့ကြား MRTV Farmers' Channel နှင့် MRTV Sports Channel တို့မှ အသိပညာနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ၁-၈-၂၀၂၃ ရက်မှစ၍ စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ယခုအခါ အဆင့်မြှင့်တင်ထုတ်လွှင့်မှု (Channel Rebranding) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်