နေပြည်တော် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးရွာ၌ အခြေပြု၍ ဒေသခံပြည်သူ ၁၂၃၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၃၇၈ ဦး၊ ခွဲစိတ်ရောဂါ ၁၀၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၆၃ ဦး၊ ကလေးရောဂါ ၆၂ ဦး၊ အရိုးရောဂါ ၂၀၂ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၈၆ ဦး၊ မျက်စိရောဂါ ၂၅၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၇ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၅ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထို့ပြင် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ပေါ်၌ နိုဝင်ဘာလ ၄ ရက် ည ၁၁ နာရီ ၃၇ မိနစ်တွင် ငပုတောမြို့နယ်၊ ကျုံကူးရွာနေ မီးဖွားလူနာ ဒေါ်တင်တင်မြင့်ကို (၆ ပေါင် ၈ အောင်စ)ရှိ သားရတနာတစ်ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူတစ်ဦးမှ ကိုယ်စား ပေးအပ်ခဲ့ သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဦးဆုံး မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၏ ဆေးကုသပေးမှု သမိုင်း မှတ်တမ်းတွင် ၁၉ ဦး မြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ မြို့နယ်၊ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် င်္ဟသာတမြို့၊ ပခမ်းရပ်ကွက်၊ ပွဲရုံလမ်း၊ ကမ်းနားဆိပ်ကမ်းသို့ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဟင်္သာတမြို့ရှိ လယ်တော်ပရိယတ္တိစာသင်တိုက်၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၀၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၁၃ ဦး၊ ခွဲစိတ်ရောဂါ ၅၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၄ ဦး၊ အရိုးရောဂါ ၅၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၁ ဦး၊ မျက်စိရောဂါ ၁၁၄ ဦးနှင့် သွားရောဂါ ၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယခုကဲ့သို့ ကျန်းမာရေးဆောင်ရွက်မှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါသည်-
ဦးဝင်းလွင်
လက်ရှိအနေအထားကတော့ဒူးကတော့မကောင်းတာ တစ်နှစ်လောက်ရှိပါပြီ။ လမ်းသွားလို့ရှိရင် နာနေတာပေါ့၊ အခုလာပြတာပါ။ ဆရာဝန်ကတော့ ဒူးကို လက်ရှိအနေအထားကတော့ သောက်ဆေးပဲ သောက်ပါပြောပါတယ်။ နောက်ပိုင်းကျရင်တော့ ဒူးထဲကို ဆေးထိုးရမယ်လို့ ပြောပါတယ်။ ဝမ်းသာတာပေါ့၊ အခုဆိုတစ်နေရာတည်းမှာ ရောဂါပေါင်းစုံကို ပြလို့ရတယ်။ ကျွန်တော်တို့မြို့က ပြည်သူတွေက နယ်လှည့်ဆေးကုသရေးအဖွဲ့ကို စောင့်နေတာကြာပါပြီ။ အခုလို ကျန်းမာရေးအဖွဲ့တွေနဲ့ တပ်မတော်သား ဆရာဝန်တွေပါ လာရောက်ပြီး ပြည်သူတွေကို ကုသပေးတဲ့အတွက် အတိုင်းအထက်အလွန် ဝမ်းသာပါတယ်။ နောက်တိုင်းပြည်တာဝန် ထမ်းဆောင်ရင်းနဲ့ ပြည်သူတွေကို လာပြီး ဂရုတစိုက်ပြုစုပေးတဲ့အတွက် ပြည်သူတွေကိုယ်စား ဝမ်းသာအားရပါကြောင်း ပြောလိုပါတယ်။
မနှင်းအိဖြိုး
မျက်စိဖြစ်တာ တစ်နှစ်ကျော် လောက်ကြာပါပြီ။ ပုသိမ်မှာသွားပြဖို့က ငွေရေးကြေးရေး မတတ်နိုင်တဲ့အတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က လာရောက်ပြီး ကုပေးတဲ့အတွက် မျက်စိလာရောက် ပြသတာပါ။ အရင်တုန်းက မျက်စိကကိုက်တယ်။ ကောင်းကောင်းမွန်မွန် နွေးထွေးစွာ ကုသပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ အခုလိုစီစဉ်ပေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တာဝန်ရှိသူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။
သတင်းစဉ်