Skip to main content

သီပေါမြို့နယ် ဆွန်လုံ-ကုန်းသာလမ်းပေါ်တွင် ဒုဋ္ဌဝတီမြစ်ကူး Fly Ferry ဖွင့်လှစ်

သီပေါ           သြဂုတ်   ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်ရွက်လျက်ရှိသည့် ဆွန်လုံ-ကုန်းသာလမ်းပေါ်တွင် ဒုဋ္ဌဝတီမြစ်ကူး Fly Ferry ဖွင့်လှစ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က သီပေါမြို့နယ်၊ ကုန်းသာ-ဆွန်လုံလမ်းဒုဋ္ဌဝတီ မြစ်ကမ်းဘေး ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က မြန်မာနိုင်ငံတွင်လူဦးရေ၏(၃၀)ရာခိုင်နှုန်းမှာမြို့ပြဒေသများတွင်နေထိုင်ကြပြီး (၇၀)ရာခိုင်နှုန်း သည်ကျေးလက်ဒေသတွင် နေထိုင်ကြကာရှမ်းပြည်နယ်အနေဖြင့် ကျေးလက်နေထိုင်သူသည် ပြည်နယ် တစ်ခုလုံး၏(၇၆)ရာခိုင်နှုန်းထိရှိပါကြောင်း၊ဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရာ တွင်ကျေးလက်နေပြည်သူများဘဝဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီး ပါကြောင်း၊ ရှမ်းပြည် နယ်အတွင်းကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကွန်ကရစ်လမ်း (၅.၅)မိုင်၊ ကတ္တရာလမ်းမိုင် (၁၀၀)၊ကျောက်လမ်း (၈၁)မိုင် နှင့် မြေသားလမ်း(၁၄၉)မိုင်၊ စုစုပေါင်း (၃၃၅)မိုင်နှင့် ကွန်ကရစ်တံတား (၃၇) စင်း၊ ဘေလီတံတား(၄)စင်း၊Fly Ferry(၁)စင်းနှင့် Box Culvert (၁၅၈)စင်းတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုတည်ဆောက်ပြီးစီးသွားသည့် ရေစီးအားသုံး ကူးတို့ဖောင် Fly Ferry တည်ဆောက်ခြင်းနှင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကုန်းသာရွာသို့ မြေသားလမ်း (၂မိုင်၂ဖာလုံ) ဖောက်လုပ်ခြင်းလုပ်ငန်း တို့ကို ဒေသဖွံ့ဖြိုးလာစေရေး ရည်ရွယ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေမှ စုစုပေါင်းကျပ်(၁၅၉.၆၀)သန်း ကျခံသုံးစွဲတည်ဆောက် ပေးခဲ့တာဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနက ဆောက်ရွက်ပေးသည့် ဒုဝဋ္ဌတီမြစ်ကူး Fly Ferry နှင့် ဆွန်လုံ-ကုန်းသာကျေးလက်လမ်းကို အသုံးပြုပြီး ပေါင်းကူးသွား လာ ခြင်းဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှု တိုးတက် များပြား လာကာ ပြည်ထောင်စုစိတ်ဓါတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓါတ် ထွန်းကား လာတာ နှင့်အမျှ နိုင်ငံတော်က ဦးစားပေးလုပ်ဆောင်နေသည့် အမျိုးသားရင်ကြားစေ့ ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်လည်း အောင်မြင်မှုရလာမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ လမ်းဖွင့်လှစ်နိုင်ခြင်း သည် ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေပါကြောင်း၊ ဒေသခံပြည်သူများ ကို မှာကြားလိုသည်မှာ သက်ဆိုင်ရာဌာန ကအကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့် Fly Ferry နှင့်ဆွန်လုံ-ကုန်းသာကျေး လက်လမ်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် နှင့် မပျက်စီးအောင် ဝိုင်းဝန်း ထိန်းသိမ်းကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ အလှူငွေ ကျပ်သိန်း(၂၀)ကို သီပေါမြို့နယ် ရှမ်းစာပေယဉ်ကျေးမှုနှင့်အကအဖွဲ့သို့ ပေးအပ်လှူဒါန်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဝဏ္ဏဇော် မှ Fly Ferry တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများကိုယ်စား ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော် မှ ရှမ်း တိုင်းရင်းသားအကအဖွဲ့များကို ဂုဏ်ပြုငွေများချီးမြှင့်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများအား ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများ နေရာ အရောက်ပေးအပ်ခဲ့ပြီးပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်နန်းစမ်းစမ်းအေး နှင့် တာဝန်ရှိသူတို့က Fly-Ferryအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး Fly Ferry အား ဆွန်လုံကျေးရွာဘက်ကမ်း သို့ စီးနင်းကြည့်ရှူကြကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)