နေပြည်တော် နိုဝင်ဘာ ၃
သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆)၌ ကျင်းပသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် တစ်ပိုင်တစ်နိုင်မွေးမြူရေးမှစ၍ စီးပွားဖြစ်မွေးမြူနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှမြစိမ်းရောင်(သမဝါယမ)စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် ၁၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသသုံးခုရှိ မြို့နယ် ၈၆ မြို့နယ်မှ အသင်းပေါင်း ၃၅၄ သင်း၊ အသင်းသားဦးရေ ၁၄၃၆၃ ဦးတို့အား ရန်ပုံငွေကျပ်သန်း ၁၃ ဘီလီယံကျော်ကို ပံ့ပိုးဆောင် ရွက်ပေးထားကြောင်း။
Pilot Project အနေဖြင့် သမဝါယမအသင်းပိုင်ငွေများဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခု၊ မြို့နယ် ၂၀ မှ ကျေးရွာ ၂၀ ရှိ အသင်း ၂၂ သင်းမှ အသင်းသား ၁၀၅၆ ဦးကို ပံ့ပိုးပေးနိုင်ရန်အတွက် သမဝါယမအသင်းစုချုပ်၊ သမဝါယမအသင်းစု၊ အသင်းပိုင်ငွေစုစုပေါင်း ကျပ် ၅၅၆ ဒသမ ၀၇ သန်း၊ တိုင်းဒေသကြီး/ပြည်နယ် ၁၁ ခု၊ မြို့နယ် ၂၄ မြို့နယ်မှ ကျေးရွာပေါင်း ၂၆ ရွာရှိ အသင်း ၂၆ သင်းမှအသင်းသား ၇၀၃ ဦးတို့အား မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကျပ် ၅၃၂ ဒသမ ၅၃ သန်းဖြင့် ပံ့ပိုးပေးနိုင်ရေးအတွက် လျာထားဆောင်ရွက်ပေးထားမှုတို့ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း။
ထို့ပြင် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(စိုက်၊ မွေး၊ ဆည်)၊ တိုင်းဒေသကြီး/ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်နှင့် သမဝါယမအသင်းပိုင်ငွေတို့ဖြင့် တိုင်းဒေသကြီး/ပြည်နယ် ၁၃ ခုတို့ရှိ မြို့နယ်ပေါင်း ၁၇၈ မြို့နယ်မှ အသင်းပေါင်း ၁၀၆၆ သင်းရှိ အသင်းသား ၂၈၆၁၀ အတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော ဧက ၁၃၀၁၀၀ အတွက် သွင်းအားစုများပံ့ပိုးရန်ဆောင်ရွက်ထားသည့်အတွက် အောင်မြင်မှုရရှိရေး၊ လေလွင့်ဆုံးရှုံးမှုမရှိရေးနှင့် ရန်ပုံငွေစီးဆင်းမှု စနစ်တကျမှန်ကန်မှုရှိစေရေးတို့အတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ကိုင်ကြရန် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဗဟိုသမဝါယမအသင်းလီမိတက်မှ အချိန်ပြည့်ဒါရိုက်တာက လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများက ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်