ရန်ကုန် နိုဝင်ဘာ ၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အတွင်း တောင်ငူ- ညောင်လေးပင် - ပဲခူး - ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပဲခူး- ရွှေလှေနှင့် ပဲခူး-နောင်ပတ္တရားအကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရထားလမ်းပေါ် ရေကျော်ခဲ့သည့်နေရာများ၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် အင်းစိန်မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံ (DRC)ရှိ RBE များ၏ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အပိုင်း(၁)ဖြစ်သည့် တောင်ငူ - ညောင်လေးပင် - ပဲခူး-ရန်ကုန် ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်း အပိုင်းလိုက်လုပ်ငန်းဆောင်ရွက်နေမှုကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီပြီးစီးရေး၊ ရထားလမ်းပိုင်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင်ဆောင်ရွက်ရေး၊ တံတားလုပ်ငန်းများနှင့် အချက်ပြဆက်သွယ်ရေးစနစ်တပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အဆိုပါလမ်းပိုင်းရှိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းပေါ်ရေကျော်ပြီး တာပေါင်ရေတိုက်စားခံခဲ့ရသည့် ပဲခူး - ရွှေလှေအကြားနှင့် ပဲခူး-နောင်ပတ္တရားအကြား ရထားလမ်းပိုင်းနေရာများကို သွားရောက်စစ်ဆေးပြီး တာပေါင်များ စနစ်တကျပြန်လည်ပြုပြင်သွားရန်၊ အဆိုပါရထားလမ်းတာပေါင်များ ရေတိုက်စားမှုထပ်မံမဖြစ်ပွားစေရေးအတွက် မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်၊ ရေစီးဆင်းမှုအခြေအနေများကို တိုင်းတာစစ်ဆေးတွက်ချက်ပြီး တံတားများ၊ ရေပြွန်များ ထည့်သွင်းတည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတစ်လျှောက် RBE ရထားဖြင့် လိုက်ပါစီးနင်း၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ Diesel Electric Multiple Unit (DEMU) ရထားများရောက်ရှိပြေးဆွဲချိန်တွင် လမ်းပိုင်းအတွင်း အမြန်နှုန်းကီလိုမီတာ တိုးမြှင့်ပြေးဆွဲရန် စီစဉ်ထားသဖြင့် ရထားလမ်းပြုပြင်ထိန်းသိမ်းရာ၌ Maintenance Manual အတိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန်၊ Electronic Interlocking နှင့် Relay Interlocking အချက်ပြဆက်သွယ်ရေးစနစ်တပ်ဆင်ပြီးစီးသည့် နေရာများအား စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် ရထားလမ်းလုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ခြံစည်းရိုးများနှစ်အလိုက် ဦးစားပေး ကာရံသွားရန်တို့ကို မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံရှိ RBE ရထားတွဲများနှင့် ပြုပြင်ဆဲ RBE ရထားတွဲများကို သွားရောက်စစ်ဆေးပြီး Public Transportation အတွက်အသုံးပြုသည့် RBE ရထားတွဲများပြုပြင်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျကောင်းမွန်အောင် ပြုပြင်ရန်၊ လိုအပ်သည့် Spare Parts များ လုံလောက်မှုရှိစေရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်