နေပြည်တော် နိုဝင်ဘာ ၃
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ပိုမိုခိုင်မာလာစေရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သွားမည့်အခြေအနေ၊ အာဆီယံနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရား မူဘောင်အောက်တို့မှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရပ်တည်သွားရေးနှင့် အကျိုးတူကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဒုတိယဝန်ကြီးသည် တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား M-Gallery ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
သတင်းစဉ်