Skip to main content

သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေများဖြင့် စီမံကိန်းသုံးခုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

နေပြည်တော် နိုဝင်ဘာ ၃

သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့်ဆောင်ရွက်သည့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂ ရက်က နေပြည်တော်ရှိ ဂျက်စမင် နေပြည်တော်ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁)ဖြင့် ဆောင်ရွက်သည့်စီမံကိန်းကို ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် သမဝါယမဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေများဖြင့် ၂၀၁၈၊ ၂၀၂၀ နှင့် ၂၀၂၁ စီမံကိန်းသုံးခုကို အကောင်အထည်ဖော်ပြီးဖြစ်ပါကြောင်း။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁)ဖြင့် ဆောင်ရွက်သည့်စီမံကိန်းတွင် စုဆောင်းငွေအားပေးမြှင့်တင်ရေး စည်းရုံးလှုံ့ဆော်ခြင်း သင်တန်းများ၊ ငွေစုဆောင်းတတ်သည့်အလေ့အကျင့်ဆိုင်ရာ အသိပညာပေးစည်းရုံးလှုံ့ဆော်ပွဲများ၊ အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်၏ အခန်းကဏ္ဍအလုပ်ရုံဆွေးနွေးပွဲများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank မှ ချေးယူထားသောအသေးစားချေးငွေလုပ်ငန်းကို အသေးစားချေးငွေထုတ်ခြင်းလုပ်ငန်းများတွင် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ အားလုံးတွင် အသေးစားချေးငွေများကို ချေးငွေဆန်းစစ်ချက်ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများရှိအောင်မြင်နေသော သမဝါယမအသင်းများသို့ လေ့လာရေးသွားရောက်ခြင်းစသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါကြောင်း။

အဆိုပါ စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် ငွေစုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများ၊ အကျိုးကျေးဇူးများကို သိရှိနားလည်လာခြင်း၊ သမဝါယမအပေါ် ယုံကြည်အားကိုးလာခြင်း၊ လူမှုစီးပွားဘဝမြင့်မားရေး အထောက်အကူပြုနိုင်ခြင်းတို့ဖြင့် သမဝါယမကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူများစွာရရှိခဲ့ပါကြောင်း။ ထို့ပြင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ရှိ အောင်မြင်နေသော သမဝါယမအသင်းများကို သွားရောက်လေ့လာစေခဲ့ပါကြောင်း။

သမဝါယမကဏ္ဍမှတစ်ဆင့် မဲခေါင်ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားမြှင့်တင်ရေးတွင် ကူညီထောက်ပံ့နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားပြောကြားပြီးနောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက စီမံကိန်းဆောင်ရွက်မှုမှတ်တမ်းများ ခင်းကျင်းပြသမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်