နေပြည်တော် နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာလာသည့် တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင်အခြေပြု၍ ဒေသခံပြည်သူ ၂၅၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၅ ဦး၊ ခွဲစိတ်ရောဂါ ၃၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၂၃ ဦး၊ အရိုးရောဂါ ၃၀ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၅ ဦး၊ မျက်စိရောဂါ ၄၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် တာဝန်ရှိသူများက ခွဲစိတ်ကုသမှုခံယူပြီးသော လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၌ ၂၀၁၉ ခုနှစ်၊ မတ် ၁၈ ရက်နေ့တွင်မွေးဖွားပေးခဲ့သည့်သားငယ် သံလွင်မောင်အား ထောက်ပံ့ငွေနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်းမှ ကလေးငယ်များအား ကလေးအထူးကုပါရဂူက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောပေးပြီး တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေမြို့နယ်၊ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် အဖျောက်မြို့၊ လောကမာန်အောင်ဘုရားကြီး (မဟာသံတန်ဆောင်းတော်)၌ အခြေပြု၍ အဖျောက်မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၂၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၂၇ ဦး၊ ခွဲစိတ်ရောဂါ ၇၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁ ဦး၊ ကလေးရောဂါ ၂၁ ဦး၊ အရိုးရောဂါ ၃၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၅ ဦး၊ မျက်စိရောဂါ ၁၈၇ ဦးနှင့် သွားရောဂါ ၃၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၂ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။