ရန်ကုန် နိုဝင်ဘာ ၂
မြန်မာ - ကိုရီးယား ယဉ်ကျေးမှု ဖလှယ်နိုင်ရန်နှင့် Korea K - Pop အနုပညာနှစ်ခြိုက်သူများ ကြည့်ရှုနားဆင်နိုင်ရန်အတွက် မြန်မာ - ကိုရီးယားမော်ဒန် Musical Show ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက Friday Night Live Show အဖြစ် တင်ဆက်သွားမည်ဖြစ်ရာ ပါဝင်ဖျော်ဖြေကြမည့် ကိုရီးယားအနုပညာရှင် ခြောက်ဦးနှင့် ပညာရှင်များပါဝင်သည့်အဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိကြသည်။
အဆိုပါ ကိုရီးယားအနုပညာရှင်များနှင့်အဖွဲ့အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြပြီး နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများက နှစ်နိုင်ငံအလံများဝှေ့ယမ်း၍လည်းကောင်း၊ အဆိုတော်များ၏ ဓာတ်ပုံပါ စာတန်းများကိုင်ဆောင်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှစီစဉ်သည့် မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်အဖွဲ့ဖြင့်လည်းကောင်း လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ Lotte ဟိုတယ်တွင် တည်းခိုကြမည်ဖြစ်ပြီး နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Friday Night Live Show ၌ ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။
သတင်းစဉ်