Skip to main content

ပြည်ပသင်တန်းအတွေ့အကြုံများ နည်းပညာအသစ်များကို ဌာနတွင်းမျှဝေဖလှယ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂

မြန်မာနိုင်ငံရှိ ရေထွက်ပစ္စည်းများတွင်ပါဝင်သည့် ဘက်တီးရီးယားပိုးမွှားများ၊ ဓာတုဆေးဝါးဓာတ်ကြွင်းများ၊ သဘာဝတွင်တွေ့ရသော ဓာတုညစ်ညမ်းမှုများနှင့် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု (Parameter) အသစ်များ တိုးချဲ့နိုင်ရန်အတွက် လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေ၍ မိမိတို့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ပြည်ပသင်တန်းအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲတွင် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် တောင်သူများနှင့် တိုက်ရိုက်တွေ့ဆုံကာ နည်းပညာနှင့် အကူအညီများဆောင်ရွက်ပေးလျက်ရှိသော မိမိတို့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နို့စားနွားမွေးမြူရေးတွင် ကြုံတွေ့ရလျက်ရှိသည့် သားမတင်ခြင်း၊ သားပျက်သားလျှောခြင်း၊ မည်သည့်ရောဂါတစ်စုံတစ်ရာမှမတွေ့ရှိရဘဲ မေထုန်မဲ့သားစပ်နည်းဖြင့် သုံးကြိမ်နှင့်အထက် သားစပ်သော်လည်း သားမတင်သောနွားမများနှင့်ပတ်သက်၍ သုတေသနပြု ဖော်ထုတ်တွေ့ရှိထားချက်များကို ပညာရှင်များအကြား နည်းပညာမျှဝေဖလှယ်၍ နို့စားနွားမျိုးပွားခြင်းလုပ်ငန်းတွင် သားအောင်နှုန်းများ ပြန်လည်တိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တက်ရောက်လာကြသည့် ဌာနအကြီးအကဲများနှင့် ပညာရှင်များက သက်ဆိုင်ရာကဏ္ဍများအလိုက်တင်ပြကြပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏ မေးမြန်းချက်များကို နည်းပညာရပ်ဆိုင်ရာ အချက်အလက်များဖြင့် ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်