Skip to main content

ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ် - အာဆီယံ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုင်ဝင်ဘာ ၁ ရက်က ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ် - အာဆီယံ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

 အဆိုပါ အစည်းအဝေးသို့ ချုံချင့်မြူနီစီပယ်ကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မတီအတွင်းရေးမှူး Lu Kehua ၊ တရုတ်ဥပဒေအဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး Zhang Mingqi၊ အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်ကျောင်းအုပ်ကြီး ပါမောက္ခ Lin Wei၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှားနိုင်ငံတို့မှ တရားလွှတ်တော်ချုပ်ရုံး တရားသူကြီးများ၊ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ဥပဒေပညာရှင်များ၊ နိုင်ငံခြားပညာတော်သင် ကျောင်းသူ ကျောင်းသားများ တက်ရောက်ကြသည်။

ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ် - အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာတို့အကြား အဓိကကျပြီး ခိုင်မာသည့်ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများအဖြစ် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများကို အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ် (Southwest University of Political Science and Law) သို့ ပညာတော်သင်များစေလွှတ်ခြင်း၊ တရုတ် - အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဥပဒေရေးရာသုတေသန လုပ်ငန်းစီမံကိန်းများ နားလည်မှုစာချွန်လွှာကို ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်