Skip to main content

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်တွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

စစ်တွေ ဩဂုတ် ၂၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် စစ်တွေမြို့နယ်အတွင်း Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော ပြည်သူ များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လတ်တ‌လောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Corona- virus Disease- 2019 (COVID-19) ရောဂါပိုး အတည်ပြုလူနာများတွေ့ရှိလာရသည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စစ်တွေမြို့နယ်အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများ၏ စားဝတ်နေရေးအထောက်အပံ့ဖြစ်စေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် စစ်တွေမြို့နယ်အတွင်း Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူအိမ်ထောင်စု ၂၉၉၀၇ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅၉၈၁၄၀၀၀ဝ (ကျပ်ငါးထောင်ကိုးရာရှစ်ဆယ်တစ်သိန်းလေးသောင်းတိတိ) အား ထောက်ပံ့နိုင်ရန် လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။

အဆိုပါ ထောက်ပံ့ငွေများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လွှဲပြောင်းပေးအပ်ခဲ့ရာ စစ်တွေခရိုင် Coronavirus Disease - 2019 (COVD-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး က လက်ခံယူသည်။ (အောက်ပုံ) မွန်းလွဲပိုင်းတွင် စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်အတွင်းရှိ Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)