နေပြည်တော် သြဂုတ် ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းကိုးဖွဲ့မှ ကိုယ်စားလှယ်များအား ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ကျင်းပရမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အဓိကကျသော မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ရွေးကောက်ပွဲလေ့လာရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့တွင် ထိရောက်သောအကျိုးသက်ရောက်မှုရှိစေရန်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဆောင် ရွက်နိုင်မည့်အခန်းကဏ္ဍများနှင့်စပ်လျဉ်း၍ တင်ပြခဲ့ကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အခြေအနေတို့ကို ပြန်လည် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသော ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းကိုးဖွဲ့မှာ Generation Tree၊ Myanmar Independent Living Initiative (MILI) ၊ MYNFREL ၊ Panna Institute ၊ Kadu Youth Development Associa-tion ၊ Rainmaker ၊ New Myanmar Foundation ၊ Civil Development Institute (CDI) ၊ Bago Observers Group တို့ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်