နေပြည်တော် နိုဝင်ဘာ ၁
နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာတားဆီး ကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေ ဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးတွဲစစ်ဆင်ရေးများကို ဆောင်ရွက်ခြင်းများကြောင့် နိုင်ငံဖြတ်ကျော် မူးယစ်ဂိုဏ်းများသည် ပင်လယ်ရေကြောင်း၏ အားသာချက်ကိုအသုံးချကာ ရေလမ်းကြောင်းများအား ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရသည်။
အောက်တိုဘာ ၃၀ ရက်တွင် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းများသည် မူးယစ်ဆေးဝါးများအား ပင်လယ်ရေလမ်းကြောင်းကို အသုံးပြုကာ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကြိုတင်သတင်းများရရှိခဲ့သည်။ သို့ဖြစ်၍ မြန်မာ့တပ်မတော်(ရေ)မှ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာ မလေးရှားနိုင်ငံဘက်သို့ ဦးတည်ခုတ်မောင်းလာသည့် စက်လှေတစ်စင်းပေါ်မှ တရားခံမင်းမင်းစိုး၊ အောင်မင်းသူ၊ သူရဦး(၁)၊ ရန်ပိုင်စိုး၊ မြင့်ထွန်း၊ ဝင်းလှိုင်ဦး၊ သူရဦး(၂)တို့အား GUANYINWANG စာတန်းပါ အထုပ်များအတွင်းမှ ICE ကီလိုဂရမ် ၂၆၀၀ ကာလတန်ဖိုး ငွေကျပ် ၁၀၄ ဘီလီယံခန့်အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံပြေးညီညီသည် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်းများဖြင့် ချိတ်ဆက်ကာ ပင်လယ်ရေလမ်းကြောင်းကို အသုံးပြု၍ မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်နေခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများအား မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်းသို့ ရောက်ရှိပါက တရားခံပြေးညီညီ ချိတ်ဆက်ပေးမည့် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါးဝယ်ယူသူထံ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားခံပြေးညီညီအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်