Skip to main content

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ ဓာတ်ခွဲခန်းနှင့်ပတ်သက်သော ရောဂါများကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာသင်တန်းကို တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် နိုဝင်ဘာ ၁

ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်လေးဦး၊ ဓာတ်ခွဲခန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၂၉ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၃ ဦးတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်ကျင်းမြို့ရှိ ကျန်စုကူးစက် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနတွင် နိုဝင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိဖွင့်လှစ်မည့် ဓာတ်ခွဲခန်းနှင့်ပတ်သက်သော ရောဂါများကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာသင်တန်းကို တက်ရောက်ရန် ယနေ့တွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

အဆိုပါ သင်တန်းတွင် ဓာတ်ခွဲခန်းနှင့်ပတ်သက်သော ကူးစက်ရောဂါများ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ နည်းပညာရပ်များကို လေ့လာသင်ကြားခွင့် ရရှိမည်ဖြစ်ပြီး အကျိုးကျေးဇူးအနေဖြင့် နိုင်ငံတကာမှပညာရှင်များနှင့်လည်း အတွေ့အကြုံကောင်းများ ဖလှယ်နိုင်မည်ဖြစ်၍ မိမိနိုင်ငံမှ ဓာတ်ခွဲခန်းဆိုင်ရာ ပညာရှင်များကိုလည်း နည်းပညာများ ပြန်လည်မျှဝေပေးနိုင်ကာ နေပြည်တော်တွင် ဖွင့်လှစ်မည့် မြန်မာနိုင်ငံ၏ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့် လေ့ကျင့်ရေးဗဟိုဌာနတွင် နည်းပညာများ ပြန်လည်အသုံးချ နိုင်မည်ဖြစ်သည်။

နေပြည်တော်တွင် ဖွင့်လှစ်မည့် မြန်မာနိုင်ငံ၏ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့် လေ့ကျင့်ရေးဗဟိုဌာနတွင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ရောဂါနှိမ်နင်းရေးဌာနခွဲ၊ ကပ်ပါးရောဂါဌာနခွဲနှင့် ဓာတ်ခွဲဌာနခွဲ စသည့်ဌာနခွဲများပါဝင်မည်ဖြစ်ပြီး တုပ်ကွေးရောဂါ၊ ဗိုင်းရပ်စ်ရောဂါ၊ ဗက်တီးရီးယားရောဂါနှင့် ကပ်ပါးရောဂါများအား ဓာတ်ခွဲစစ်ဆေးခြင်း၊ အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဓာတ်ခွဲစစ်ဆေးခြင်း၊ လုပ်ငန်းခွင်နှင့်ဓာတုဗေဒ အဆိပ်သင့်မှုဆိုင်ရာ ဓာတ်ခွဲစစ်ဆေးခြင်း အစရှိသည်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်