(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို သိုက်သိုက်ဝန်းဝန်း ခမ်းနားထည်ဝါ ဂုဏ်ယူဖွယ်ရာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ပြိုင်ပွဲကြီးမှ စည်းလုံးညီညွတ်မှု၊ ပျော်ရွှင်ချမ်းမြေ့မှုတို့ကိုရရှိခဲ့သည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်ခဲ့သည်။ တိုင်းရင်းသားပြည်သူများကြား နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထွန်းကားစေခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် မြန်မာတစ်မျိုးသားလုံးပိုင်ဆိုင်သည့် အဖိုးတန်ရတနာ ဘိုးဘွားအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင် ဖော်ထုတ်ပြသသည့် ပြိုင်ပွဲဖြစ်၍ အားလုံးနှင့်သက်ဆိုင်သည်။ အားလုံးက ဝိုင်းဝန်းအားပေးကြရမည်။ ဘိုးဘွားများအမွေအနှစ် အနုသုခုမပညာရပ်များကို မြှင့်တင်အားပေးခြင်းဖြင့် သမိုင်းကြောင်းရှည်လျားစွာ တည်ရှိခဲ့သည့် အမျိုးသားရေးအသွင်အပြင်လက္ခဏာများကို ပိုင်ဆိုင်သော နိုင်ငံသားများအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်ကြမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အနောက်နိုင်ငံများအပါအဝင် တိုင်းတစ်ပါးယဉ်ကျေးမှုများသည် နိုင်ငံငယ်များတွင် ထိုးဖောက်ဝင်ရောက်လွှမ်းမိုးနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားများ လူငယ်များအနေဖြင့် တိုင်းတစ်ပါးယဉ်ကျေးမှုကို နှစ်သက်မြတ်နိုးတန်ဖိုးထားပြီး ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လက္ခဏာ အသွင်အပြင်များကို တန်ဖိုးမထားတော့ဘဲ ပစ်ပယ်လာကြမည်ဆိုပါက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် အမျိုးသားရေးစိတ်ဓာတ်များ လျော့ပါးလာမည်ဖြစ်သည်။ တိုင်းတစ်ပါးကို အထင်ကြီးပါက တိုင်းရင်းသားအချင်းချင်းအပေါ် အလေးမထားတော့ဘဲ စည်းလုံးညီညွတ်မှု အလွယ်တကူပျက်ပြားသွားနိုင်သည်။ စည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားနိုင်အောင် မြှင့်တင်ဆောင်ရွက်ပေးသည့် ကဏ္ဍတစ်ခုမှာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးပင်ဖြစ်သည်။
နိုင်ငံတော်အစိုးရသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားတိုးတက်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ရည်ရွယ်ချက်များဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပပေးခဲ့သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သမ္ဘာရင့်၊ ဝါရင့်ပညာရှင်ကြီးများအပြင် မျိုးဆက်သစ် လူငယ် မောင်မယ်များအနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရေး၊ အတူတကွ ပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး၊ မိမိယဉ်ကျေးမှု၊ မိမိဓလေ့ထုံးစံမှသည် မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ နိုင်ငံသားများအပေါ် ချစ်ခင်မြတ်နိုးစိတ်များကို လက်ဆင့်ကမ်းသယ်ဆောင်သွားကြရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါဟု အလေးအနက်ပန်ကြားလိုကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲက မိမိနိုင်ငံနှင့်မိမိလူမျိုးအပေါ် ချစ်ခင်မြတ်နိုးသည့် စိတ်ဓာတ်များကို လက်ဆင့်ကမ်း သယ်ဆောင်သွားကြရေးအတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှတစ်ဆင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက်ပန်ကြားချက်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အင်အား နှစ်ထောင်ကျော်တို့သာမက တစ်မျိုးသားလုံးနှင့်လည်း သက်ဆိုင်နေသည်ကို သတိပြုရမည်ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များသည် မိမိတို့၏ဘိုးဘွားဘီဘင်များ လက်ဆင့်ကမ်းအမွေပေးခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သဖြင့် တစ်မျိုးသားလုံးကလည်း လက်ဆင့်ကမ်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် မြှင့်တင်အားပေးမှသာလျှင် မိမိနိုင်ငံနှင့်မိမိလူမျိုးကို ချစ်ခင်မြတ်နိုးရာရောက်ပေမည်။
မျက်မှောက်ကာလတွင် တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်မှု၊ တိုင်းတစ်ပါးမှ သွေးခွဲမှုအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုများ လျော့နည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ မိမိနိုင်ငံနှင့်မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ဆက်ဆံကြမှသာ မိမိတို့မှီတင်းနေထိုင်ကြသော ပြည်ထောင်စုကြီးမပြိုမကွဲ တည်တံ့ခိုင်မြဲနေမည်ဖြစ်၍ နိုင်ငံနှင့်လူမျိုးကို ချစ်ခင်မြတ်နိုးသည့်စိတ်များ တိုးတက်ထွန်းကားလာအောင် ကဏ္ဍပေါင်းစုံမှ အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။