နေပြည်တော် ဩဂုတ် ၂၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၏ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ တော်ဝင် လမ်း၊ အမှတ်(၃၅) ပေါ်တွင် တည်ရှိသည့် ကယားဂေဟာ အမည်ရှိသော အဆောက်အဦနှင့် မြေအား ကယား ပြည်နယ် အစိုးရထံသို့ ဥပဒေနှင့်အညီ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တောင်ဝင် လမ်း၊ အမှတ်(၃၅)ရှိ Pansea Hotel (The Governor’s Residence) ဖွင့်လှစ်ထားသော မြေနှင့် အဆောက်အဦသည် ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်သို့ လွှဲပြောင်း ပေးထားခြင်း မဟုတ်ဘဲ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် နိုင်ငံခြားကုမ္ပဏီသို့ (B.O.T) စနစ်ဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းထားခြင်းဖြစ်ပါသဖြင့် စာချုပ် သက်တမ်း ကုန်ဆုံးပါက နိုင်ငံတော်ပိုင်အဖြစ် ရှိနေမည် ဖြစ်ခြင်း၊ အဆိုပါ မြေသည် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အမည်ပေါက် အစိုးရမြေဖြစ် ခြင်း၊ နိုင်ငံတော် အတွက် နှစ်စဉ်နိုင်ငံခြားဝင်ငွေ ရရှိသော လုပ်ငန်းဖြစ်ခြင်း၊ ချုပ်ဆိုထားသော (B.O.T) စာချုပ် သက်တမ်းတွင် ၂၀၆၅ ခုနှစ်အထိ ရှိနေမည်ဖြစ်ခြင်း တို့ကြောင့် ကယားပြည် နယ်အစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်း ဖြေကြား သည်။
ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်း၏ ထန်တလန်မြို့အတွက် (၆၆)ကေဗွီ ဓာတ်အားလိုင်းစီမံကိန်း တည်ဆောက်ခြင်းသည် မည်သည့်အချိန်တွင် ပြီးစီးမည်ကို သိလိုခြင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ များကိုပါ လျှပ်စစ် ဓာတ်အား လိုင်းဖြန့်ဖြူးပေး ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ထန်တလန်မြို့နယ်အတွင်းရှိ မြို့နှင့် ကျေးရွာများသို့ နိုင်ငံတော် ဓာတ်အား စနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ကေဗွီ နှင့် ၃၃ ကေဗွီ ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံများကို ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုဘဏ္ဍာရန်ပုံ ငွေမှ လျာထားတောင်းခံ တည်ဆောက်ပေးမည်ဖြစ်ပါကြောင်းနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ၁၁ ကေဗွီလိုင်းနှင့် ထရန် စဖော်မာများ အချိန်ကိုက်ပြီးစီးရေး ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေ ကြားသည်။
ရွှေကျင် မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ ရွှေကျင်မြို့နယ်၊ တောင်ဘက် ကျေးရွာ အုပ်စုရှိ အမှတ်(၂) သတ္တု တူးဖော်ရေးလုပ်ငန်းက သိမ်းဆည်းခဲ့သည့် မြေ ၄၁၈ ဧကအနက် သိမ်းဆည်းခံခဲ့ရသည့် ပုဂ္ဂိုလ် များနှင့် သိမ်းဆည်းခံရသည့် တစ်ဦးချင်း၏ မြေဧရိယာများကို ထုတ်ပြန်ပေးနိုင်ခြင်းရှိ၊ မရှိ ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ က အမှတ်(၂) သတ္တုတွင်းလုပ်ငန်းက စွန့်လွှတ်အပ်နှံပြီးဖြစ်သည့် မြေ ၄၁၈ ဒသမ ၉၈ ဧကအတွက် သိမ်း ဆည်း ခံခဲ့ရသည့် ပုဂ္ဂိုလ်များနှင့် သိမ်းဆည်းခံ ရသည့် တစ်ဦးချင်း မြေဧရိယာများကို စာရင်း ဇယားနှင့်တကွ ထုတ်ပြန်ကြေညာပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နိုင်ငံတော်သို့ ပြန်လည် အပ်နှံခဲ့ပြီး ဖြစ်သော မြေ ၄၁၈ ဧက နှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီဌာနတို့ကသာ စိစစ်ဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
အလားတူ အင်းစိန် မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး၏ ၂၀၂၀ ပြည့်နှစ် အတွင်းအင်းစိန် မြို့နယ်အတွင်းရှိ လမ်းမီး များအားလုံး ထွန်းလင်းနိုင်ရေးကို အပြီးသတ် ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လည်းကောင်း၊ ရွာငံ မဲဆန္ဒ နယ်မှ ဦးအောင်စိုးမင်း၏ ရွာငံမြို့နယ်၊ မြို့ကြီးတောရကေလာသ တောင်ကြိုးပြင်ကာကွယ် တော (၁၄၀၀) ဧက အား အစိုးရအသိ အမှတ်ပြု ကြိုးပြင်ကာ ကွယ်တောအဖြစ် အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ရန်ကင်း မဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၏ ရန်ကင်းမြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ ရန်ငြိမ်း လမ်း၊ မြေတိုင်းရပ်ကွက် အမှတ်(၈၇/ ကံဘဲ့) တွင် တည်ရှိသည့် မြေကွက်အမှတ်(၂) မြေနေရာအား ရန်ကင်း မြို့နယ်အတွက် Community Center နှင့် မြို့နယ်ခန်းမ ဆောက်လုပ်နိုင်ရန် ဝန်ကြီးဌာနလွှဲပြောင်း၍ အသုံးပြုခွင့်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ ကလည်းကောင်း ရှင်းလင်းဖြေကြားကြ သည်။
ဆက်လက်၍ ဂွ မဲဆန္ဒနယ်မှ ဦးမြင့်ဝေ၏ ဂွမြို့နယ်၊ တောင်ပေါက်ကျေးရွာ အခြေခံ ပညာ အထက် တန်းကျောင်းမှ တိုင်ကြားခံကျောင်းအုပ်ကြီးအား ပညာရေးဌာနမှ မြို့နယ်နှင့် ခရိုင်အဆင့် တာဝန်ရှိ သူများက လာရောက် စစ်ဆေးမေးမြန်းခဲ့ပြီး မည်ကဲ့သို့ အရေးယူ ထားသည်ကို သိလိုခြင်း မေးခွန်း
တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ အားကစားပညာသိပ္ပံ ဘွဲ့ (B.Sc Sports) သင်တန်းနှင့် ယင်းသင် တန်းများမှ မွေးထုတ်ပေးခဲ့သော ဘွဲ့ရများသည် လက်ရှိတွင် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ ပံ့ပိုးပေးဆပ်အကျိုးပြုခဲ့ သည် နှင့် ယင်းသင်တန်းမှ ထွက်ပေါ်လာမည့် ဘွဲ့ရများ၏ အနာဂတ် မည်သို့ ရှိမည်ကို သိလို ခြင်း မေးခွန်း၊ ညောင်ရွှေ မဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခ) ဦးနေမျိုး၏ သတ္တမတန်း မြန်မာစာ သင်ရိုးသစ် ကျောင်းသုံးစာအုပ် စာမျက်နှာ ၅ နှင့် ၆ တွင် ပါဝင်သော အချက်အလက် များသည် တိုင်းရင်းသားအရေး၊ ထိခိုက်စေနိုင်ခြင်းနှင့်သမိုင်းအမှန် အချက်အလက်များ လူငယ် များအတွင်း မှားယွင်းစွာ သိမြင်သွားနိုင်ခြင်းတို့ကြောင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၏ ထီးလင်းမြို့နယ်ရှိ အခြေခံပညာကျောင်း (၈)ကျောင်း တွင် ကျောင်းဆောင်သစ်များ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ရှင်းလင်းဖြေကြားသည်။
ထို့နောက် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေး မှူး ဦးတင်ထွန်းနိုင်က နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်း ကို တင်သွင်းပြီး ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း က အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းဥပဒေကြမ်းနှင့်စပ် လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပေးပို့သော ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ် စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပုလော မဲဆန္ဒနယ်မှ ဦးအုန်းခင်က မြန်မာနိုင်ငံအနှံ့ နှစ်စဉ်တိုး၍ ဖြစ်ပွားလာနေသော ရေကြီး ရေလျှံမှုများ လျော့ပါးသွားစေရန် ရေတိုရေရှည် စီမံချက် များဖြင့် သက်ဆိုင်ပတ်သက်သော ဌာနများ ပူးပေါင်း ဆောင်ရွက်၍ မြစ်ချောင်းများ ပြုပြင်ထိန်းသိမ်း ကာကွယ်မှုများကို စွမ်းအားရှိသမျှ ဆောင်ရွက်ပေးပါရန် ပြည်ထောင် စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာတွင် မိမိတို့သည် ကြီးမား သည့် တောင်တန်း ဖြစ်သည့် ဟိမဝန္တာ တောင်ခြေတွင် မြစ်ဖျားခံခဲ့သည့် မြစ်ချောင်းများ စီးဆင်းသည့်နိုင်ငံဖြစ်ပါကြောင်း၊ မိုးရွာသွန်းခြင်းကို စီမံခန့်ခွဲ၍ မရနိုင်သေးပါကြောင်း၊ထို့ ကြောင့် ပြည်တွင်း တွင်ရှိ သည့် မြစ်ရေ၊ သဲ၊ ကျောက် ထုတ်ယူမှုများကို သင့်လျော် သည့် နေရာများ၌သာ ထိန်းချုပ်ထုတ် ယူစေခြင်းအားဖြင့် ကြပ်မတ်ရ မည်ဖြစ်ပါကြောင်း၊ ချောင်းဖျား၊ မြစ်ဖျားများ၊ တောင်ဖြိုမြေဖြို သည့်နေရာများ၊ တောင်ယာခုတ်သူများ၊ မြို့ရွာ မြေအသုံး ချသူများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလာရေး စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေပါဝင်ပတ်သက်နေသူ များက ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ စေတနာရှင်များပါဝင်သည့် ဘက်ပေါင်း စုံ၊ ရှုထောင့် ပေါင်းစုံမှ ဝိုင်းဝန်း ပြုပြင်ထိန်းသိမ်း ကာကွယ်မှုများကို စွမ်းအားရှိသမျှ ဆောင်ရွက်ပေးမှ သာလျှင် မိုးရာသီ ရောက်တိုင်း စိတ်ပူပန်မှုမရှိဘဲ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးစေ လိုပါကြောင်း ရှင်းလင်း တင်ပြသည်။
ယင်းနောက် သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း က အဆိုအား ထောက်ခံ ဆွေးနွေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူ ရာ သဘောတူသဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာ သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ သည်။
ယင်းနောက် ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးက နိုင်ငံတော်သမ္မတ၏ အထူး ရန်ပုံငွေဖြင့် ထူထောင် ထားသည့် လူမှုကွန်ရက် စောင့်ကြည်ထိန်းကျောင်းရေး အဖွဲ့ SMMT နှင့် Facebook Team တို့၏ ဆောင်ရွက် မှုသည် လူမှုကွန်ရက်များ အသုံးပြုသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများအပေါ် မျှတမှုမရှိခြင်းကြောင့် လူမှုကွန် ရက်တွင် မကျေနပ်မှု အမုန်းစကား များ တိုးပွားလာပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် တရားမျှတသည့် ရွေးကောက် ပွဲကျင်းပရေး တို့ကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် SMMTနှင့် Facebook Team တို့က မည်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများဖြင့် မည်သို့ အရေးယူဆောင်ရွက်နေသည်ကို ပွင့်လင်းစွာ ရှင်းလင်းတင်ပြပြီး တရားမဲ့မှုများမဖြစ်အောင် အချိန်မီထိန်းကျောင်းဆောင်ရွက် နိုင်ရန် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းသည်။
ထို့နောက် မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း က အဆိုအား ထောက်ခံ ဆွေးနွေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရ ယူရာ သဘောတူသဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာ သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အဆိုနှင့်စပ်လျဉ်း၍ ဆွေး နွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
ထို့နောက် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းတင်သွင်းသည့် မြန်မာနိုင်ငံ တစ်ဝန်းတွင် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် သေဆုံးခြင်း၊ ထိခိုက် ဒဏ်ရာရခြင်းများ တဖြည်းဖြည်း မြင့်တက် လာနေပါသောကြောင့် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ အရေးယူခြင်းများကို ယခုထက်ပို၍ ထိထိ ရောက်ရောက် အရှိန်မြှင့်ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်း ကြောင်း အဆိုကို ပန်းတောင်းမဲဆန္ဒနယ်မှဒေါ်ခင်နှင်းသစ်၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း နှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး ဝင်းမင်းထွန်း တို့က ဆွေးနွေးကြသည်။
ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က ဆိုင်ကယ်သုံးစွဲမှုများ ထပ်တိုးနေခြင်း ကို လျော့နည်း သွားစေရေး အတွက် မည်သို့စီစဉ်ပေးမည်နှင့်စပ်လျဉ်း၍ ယာဉ်လိုင်းများ ပုံမှန်စီစဉ် ပေးခြင်းဖြင့် ဆိုင်ကယ် စီးမှု လျော့ နည်း လာစေနိုင်မည်ဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် အမှန် တကယ်လိုအပ်နေမှု အပေါ် ယာဉ်လိုင်းများ ပုံမှန်ရှိစေရန် သက်ဆိုင်ရာဌာနမှ ကူညီပံ့ပိုး ပေးရန် လိုအပ်ကြောင်းကိုလည်း အကြံပြု လိုပါကြောင်း၊ ဆိုင်ကယ် မတော်တဆ ဖြစ်ရခြင်း၏ အကြောင်းမှာ လမ်းများ၏ လမ်းပခုံးသားများ ပျက်စီးနေခြင်းကြောင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လမ်းပျက်စီးမှုများကိုလည်း အချိန်မီ ပြုပြင်သင့် ကြောင်းကို အကြံပြုလိုပါ ကြောင်း၊ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ်ကြောင့် အသက်ဆုံးရှုံးနေရသော အကြောင်း တရားကို အဖြေ ရှာပြီး ကဏ္ဍအလိုက် စီမံဆောင်ရွက်ပေးသင့်ပါကြောင်း အကြံပြု ဆွေးနွေး သည်။
အဆိုနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ National Road Safety Council (NRSC) အနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် တိုင်းဒေသကြီး၊ ပြည်နယ် ကောင်စီများ၊ ဆပ်ကော် မတီများအလိုက် တွန်းအားပေး ဆောင်ရွက်လျက် ရှိသည့်အပြင် အစိုးရမဟုတ်သော ပြည် တွင်း ပြည်ပ အဖွဲ့အစည်းများ ကျွမ်းကျင်ပညာရှင်များနှင့် အလေးထားပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုရှင် ဆွေးနွေးသွားသကဲ့သို့ အသိပညာပေးရမည့် ကိစ္စ၊ အရေးယူရမည့် ကိစ္စတို့သည် အစိုးရ ၏ တာဝန်ဖြစ်သည်ကို ကောင်းစွာ နားလည်လက် ခံထားသည့်အတွက် NRSC အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာ သည့် ပြည်သူများအား အသိပညာပေးမှုနှင့် စစ်ဆေးအရေးယူ ကြပ်မတ်မှုများကို အစဉ်တစိုက် အင်တိုက် အားတိုက်ဆောင်ရွက်လျက် ရှိသကဲ့သို့ ဆက်လက်၍လည်း အရှိန်အဟုန်တိုးမြှင့်တွန်းအားပေး ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း။
ထို့ကြောင့် NRSC ၏ ကြိုးပမ်းဆောင်ရွက်မှုများ ပိုမိုထိရောက်အောင်မြင်နိုင်စေရန် အတွက် ပြည်သူ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ပူးပေါင်း ပါဝင် ကူညီစည်းရုံးပေးနိုင်ရေး အတွက် မေတ္တာရပ်ခံလိုပါကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ NRSC အနေဖြင့် နိုင်ငံအတွင်း ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ရာတွင် လက်တွေ့ ကျသည့် လုပ်ဆောင် ချက်၊ မြေပြင်လိုအပ်ချက်များကို အခြေခံလျက် ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အသိပညာပေးစစ်ဆေးကြပ်မတ်အရေးယူခြင်းများ အရှိန် အဟုန်မြှင့် တင်ဆောင်ရွက်လျက် ရှိခြင်း၊ ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်ကို အထူးအလေးထား၍ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ အသိ ပညာပေးစစ် ဆေးကြပ်မတ် အရေးယူ မှုများ ပိုမိုထိရောက်အောင်မြင်မှုရှိစေရေးနှင့် ပိုမိုအရှိန် အဟုန်မြှင့်တင်၍ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်သောကြောင့် အဆိုအား အတည်ပြု သင့်ပါ ကြောင်း ပြန်လည် ဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြု ပေးပါရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘော မတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက် မြောက်နေ့ကို ဩဂုတ် ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)