Skip to main content

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ဗဟို ကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဘက်စုံဆန်းစစ်သုံးသပ်ခြင်း အစည်းအဝေးကျင်းပ

 

နေပြည်တော် ဩဂုတ် ၂၅

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဆရာဝန်များ၊ ကျန်းမာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်များက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဘက်စုံဆန်းစစ်သုံးသပ်တင်ပြမှု အစည်း အဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရခိုင်ပြည်နယ်၌ ယခု လ (၁၆) ရက်နေ့၌ တွေ့ရှိ သော လူနာမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နေမှုအား မသိရှိမီကာလ တွင် ခရီးသွားလာမှုများပြားကာ ထိတွေ့ ခဲ့သူများပြားခဲ့သည့်အတွက် ယခုကဲ့သို့ အစကနဦး၌ ကိုဗစ်-၁၉ လူနာများ များပြား နေခြင်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်နေသဖြင့် မကြာခင်ကာလတွင် ထိန်းချုပ်နိုင်မည်ဟု ယူဆပါကြောင်း။

ဗဟိုမှ ကွင်းဆင်းအဖွဲ့ကလည်း ဤကပ်ရောဂါဖြစ်စဉ်ကို အချိန်နှင့် တစ်ပြေးညီ သုံးသပ် လျက်ရှိပြီး လိုအပ် သည့် ကာကွယ်ထိန်းချုပ်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုမှ ဆက်လက်၍လည်း အထောက် အကူပြု အဖွဲ့များ ထပ်မံစေလွှတ်သွားမည်ဖြစ်ပါကြောင်း၊ ရောဂါပျံ့နှံ့မှုအတိုင်းအတာနှင့် ပျံ့နှံ့နေမှုပုံစံကို ပိုမိုတိ ကျစွာ သိရှိနိုင်ရန်နှင့် ရောဂါ ထိန်းချုပ်မှု လုပ်ငန်းများကို စနစ်ကျစွာဆောင်ရွက်နိုင်ရန်အတွက် လူအများ နှင့် ထိတွေ့မှုများ ပြားသော လူအုပ်စုများနှင့် ကူးစက်နိုင်ချေမြင့်မားသော လူအုပ်စုများအတွင်း ကျပန်း စနစ် ဖြင့်ရွေးချယ် ကာ ဓာတ်ခွဲစစ်ဆေးခြင်းကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ယာယီ စခန်း (IDP camp)များနှင့် ပြန်လည်လက်ခံရေးစခန်းများ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်နိုင်ချေမြင့် မားသဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထူးအလေးထား အားထည့်၍ ဆောင်ရွက် ရန် အသေး စိတ်ညွှန်ကြားထားပြီး ပြည်နယ်အစိုးရနှင့်လည်း ပူးပေါင်းဆောင် ရွက်လျက်ရှိပါ ကြောင်း။

ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ အရေးပေါ်ကွပ်ကဲမှုဌာနဖွင့်လှစ်ကာ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ ဗဟို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကွပ်ကဲမှု ဌာနနှင့် အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ညှိနှိုင်း၍ ကာ ကွယ် ထိန်းချုပ်သည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ ဘက်စုံခြုံငုံ ဆန်းစစ် သုံးသပ်ချက် များကို ရှင်းလင်းတင်ပြခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမိုမိုကျော်မင်းက ရခိုင်ပြည်နယ်တွင် ယနေ့နံနက်အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၈၀) ဦးတွေ့ရှိခဲ့မှု၊ မြန်မာနိုင်ငံတွင် လက်ရှိ၌ စောင့်ကြည့် လူနာ အားလုံး၊ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူအားလုံးနှင့် အသွား အလာ ကန့် သတ်ထားသူများအား ဓာတ်ခွဲစစ်ဆေးနေမှု၊ ဓာတ်ခွဲနမူနာစစ်ဆေးမှု နှင့် လူနာတွေ့ရှိမှု အချိုး၊ စစ်တွေ ဆေးရုံတွင် GeneXpert စက် (၂) လုံးဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေ နှင့် စစ်တွေမြို့တွင် လူနာ သစ်များတွေ့ရှိရမှု အခြေပြမြေပုံ၊ လူနာများ၏ ကျား/မ၊ အလုပ် အကိုင်၊ အသက်အရွယ်၊ ရောဂါ လက္ခဏာ ဆန်းစစ်သုံးသပ်မှု တို့ကိုလည်းကောင်း၊ ကူးစက် ရောဂါဗေဒဆိုင်ရာဆရာဝန် ဒေါက်တာ ဝေလျှံဖြိုး မောင်က ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ များနှင့်ထိတွေ့သူများအား ရှာဖွေထောက်လှမ်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုနှင့် ဆန်းစစ်တွေ့ရှိချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ မှ ညွှန်ကြားရေးမှူးများ၊ ကူးစက် ရောဂါဗေဒ ဆိုင်ရာ ပညာရှင်များ၊ ကျန်းမာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်များက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဘက်စုံဆန်းစစ်သုံးသပ်ကာ အကြံပြု ဆွေးနွေးရာတွင် ယခုလ (၁၆) ရက်နေ့မှ ယခုအထိ တွေ့ရှိရသော ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ၏ ရောဂါ လက္ခဏာ တွေ့ရှိ ချက်များအရ "စောင့်ကြည့်လူနာအဖြစ် အဓိပ္ပာယ်သတ်မှတ်ချက်"ကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ မှ အကြံပြုချက်များနှင့် အညီမွမ်းမံပြင်ဆင်ရန်၊ ဆေးရုံအခြေပြု ရောဂါစောင့်ကြပ်ကြည့်ရှုမှု၊ အသွားအလာ ကန့်သတ်ရာနေရာတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု တို့အပြင် လူထုအခြေပြု ရောဂါ စောင့်ကြပ်ကြည့်ရှုမှုကို တိုးမြှင့်လုပ်ဆောင်ရန်၊ သတင်းအချက်အလက်ပို့ဆောင်ချိတ် ဆက်မှု စနစ်အား ယခု ထက်ပိုမိုလျင်မြန်ကောင်းမွန်စေရေးအတွက် အားဖြည့်ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်လာသူများအား (၂) ပတ်တာကာလ ဆက်လက်၍ အသွားအလာ ကန့်သတ်ခြင်း လုပ်ဆောင် ရေးအတွက် ဆောင်ရွက်ရမည့်လုပ် ငန်းများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများတွင် ဆိုင်ရာ လိုက်နာ ဆောင်ရွက်မှုများ အား ကောင်းစေရေးအတွက် ဆန်းစစ်မှု၊ ပံ့ပိုးမှုနှင့် မွမ်းမံမှုများ ပြုလုပ်ရန်၊ မိမိအိမ်တွင်သာ နေထိုင်ရန် လုပ်ငန်းများတွင် ရပ်ကွက်များတွင် လူထုအခြေပြု စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ပါက ပိုမိုကောင်းမွန်ထိရောက်မည်ဖြစ်မှု စသည့် ကိစ္စရပ်များ အား ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဘက်စုံဆန်း စစ်သုံးသပ်ကာ အကြံပြုမှုများ လုပ်ဆောင်ကြသည့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ အကြံပြုချက်များအား အလေးထားစဉ်းစား၍ အရေး တကြီးဆောင်ရွက်သင့်သည့်အချက်များကို ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန မှူးနှင့် တာဝန်ရှိသူများထံ အသိပေး၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားရှာဖွေ ထောက်လှမ်းခြင်းနှင့် ဓာတ်ခွဲစစ် ဆေးခြင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းကာ စစ်တွေမြို့မှ အခြားမြို့များသို့ သွားရောက်သူများအား ရှာဖွေထောက်လှမ်းကာ အသွားအလာ ကန့်သတ်ခြင်းတို့ကို ယခုထက်ပိုမိုအားဖြည့်ကာ ဆောင်ရွက် ရမည်ဖြစ် ပါကြောင်း။

စစ်တွေမြို့နယ်ရှိ ရပ်ကွက်များနှင့် အခြား ကိုဗစ်-၁၉ လူနာသစ်တွေ့ရှိရာ မြို့နယ်များ တွင် ကျန်းမာရေး အသိပညာ ပေးနှိုးဆော်မှုများကို အသံချဲ့စက်အသုံးပြုကာ တစ်နေ့လျှင် အနည်းဆုံး (၅) ကြိမ်အထိ လုပ်ဆောင်ရ မည်ဖြစ်ပါကြောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲအနေဖြင့် ရရှိလာသော ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒ သတင်းအချက်အလက် များအား ဘက်စုံဆန်းစစ်မှုများ ပြုလုပ်ကာ လိုအပ်သော အကြံပြုချက်များပေးခြင်းနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို ပြုစု ထုတ်ပြန် ပေးရမည် ဖြစ်ပါ ကြောင်း၊ ရပ်ကွက်များ၊ လမ်းများ၊ ဈေးများတွင် လူများ သွားလာလှုပ်ရှားနေမှုနှင့် စည်းကမ်း လိုက်နာမှု အခြေအနေများကို စောင့်ကြပ်ကြည့်ရှုမှုများပြုလုပ်ကာ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြံပြုချက်များ ပေးအပ်ရမည်ဖြစ်ပါ ကြောင်း၊ ယာယီစခန်း (IDP camp) များနှင့် ပြန်လည်လက်ခံရေးစခန်းများတွင် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အားဖြည့် ဆောင်ရွက်ခြင်းအပြင် အဖျားရောဂါဆေးခန်းများ ကိုပါ စနစ်တကျဖွင့်လှစ်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကိုဗစ်-၁၉ သံသယ လူနာများ ရှိ/ မရှိ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်း၊ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်းတို့နှင့် ပိုမိုပူးပေါင်းချိတ်ဆက်ကာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး အသိပညာ ပေးခြင်း ဆောင်ရွက်ရာတွင် "နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာ သူများ"၊ "နိုင်ငံပြင်ပသို့ တရားမဝင် သွားရောက် ကာ ပြန်လာသူများ" ထံမှ ရောဂါကူးစက်နိုင် သဖြင့် ၎င်းတို့ကိုတွေ့ရှိပါက ရပ်ရွာပြည်သူများက သက်ဆိုင် ရာသို့ သတင်းပေးပို့စေရေး အထူးအလေးထား တိုက်တွန်း နှိုးဆော်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)