Skip to main content

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မိသားစုတို့၏ (၇၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ

မန္တလေး အောက်တိုဘာ ၃၀

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မိသားစုတို့၏ (၇၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)၏ မဟာဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပရာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြုပြီး ဆရာတော်သံဃာတော် အပါး ၃၃၀ ကြွရောက်ချီးမြှင့်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူ ရှင်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ မြို့တော်စည်ပင်ဌာန အသီးသီးမှအရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် မိသားစုများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာနိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တကေသရထံမှ ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဧည့်ပရိသတ်များက ငါးပါးသီလခံယူကြပြီး ဆရာတော် သံဃာတော်များရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရထံ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးကျော်ဆန်းနှင့်ဇနီးတို့က ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြပြီး ပါမောက္ခချုပ်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှအတမ်းပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့်ဆရာတော် သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်