Skip to main content

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ယှဉ်ပြိုင်မှုများ အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် အောက်တိုဘာ ၃၀

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲသတ္တမနေ့ကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ယနေ့တွင် ဇာတ်တော်ကြီးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပခဲ့ပြီး ဇာတ်တော်ကြီးအဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “မဟော်သဓာ” ဇာတ်တော်ကြီးဖြင့် မွန်ပြည်နယ်ကိုယ်စားပြု မင်းနိုင်စိုးဇာတ်အဖွဲ့က မူရင်းမဟော်သဓာဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက်ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။

ဇာတ်တော်ကြီးပြိုင်ပွဲသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူမိဘများ လာရောက်ကြည့်ရှုအားပေးကြသည်။

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲကြီး၏ ယှဉ်ပြိုင်မှုများသည် ယနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်၏ ပံ့ပိုးကူညီမှုနှင့်အတူ ငွေအား၊ လူအား၊ အချိန်အားများစွာ စိုက်ထုတ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အစဉ်သဖြင့် တည်တံ့ရှင်သန်နေစေရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းလည်းဖြစ်သည်။ အဆိုပါ(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)တွင် ကျင်းပသွားမည်ဖြစ်ရာ ကျင်းပပုံများကို နံနက် ၇ နာရီ မိနစ် ၅၀ မှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ MRTV-HD Channel ၊ MRTV News Channel ၊ MRTV Farmers’ Channel ၊ MRTV Parliament Channel ၊ MITV ၊ MWD-HD Channel ၊ MWD Variety HD Channel နှင့် MOI Website MOI Youtube၊ MRTV APP: အပါအဝင် Online တို့မှ တိုက်ရိုက်(LIVE)ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM တို့မှလည်းတိုက်ရိုက်(LIVE)ထုတ် လွှင့်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်