Skip to main content

ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား (၇)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၀

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်၍ ဒုတိယဝန်ကြီးအဆင့် ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ညနေ ၄ နာရီတွင် နေပြည်တော် Horizon Lake View ဟိုတယ်ရှိ Presidential Suite ၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။

ထို့နောက် (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ညနေ ၅ နာရီတွင် နေပြည်တော် Horizon Lake View ဟိုတယ်ရှိ State Meeting Room ၌ ကျင်းပ ပြုလုပ်သည်။

တက်ရောက်

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်၍ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် အဆင့်မြင့် အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး Mr.Wang Xiaohong ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ညှိနှိုင်းဆွေးနွေး

အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Lianyungang)နှင့် တရုတ်-အာဆီယံရဲတပ်ဖွဲ့ဖိုရမ်ကဲ့သို့သော အစည်းအဝေးများ တက်ရောက်နိုင်ရေး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ၅ နှစ်လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လူမှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော် မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ လန်ချန်း-မဲခေါင်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းကြီးများလုံခြုံရေး၊ တရုတ်နိုင်ငံသားတရား ခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ အမှုဖြစ်စဉ်စုံစမ်းစစ်ဆေးရေးတို့နှင့်စပ်လျဉ်း၍ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန်နှစ် နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေး၊ အနာဂတ်တွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ် တစ်ရပ်ထားရှိရေးတို့ကို ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

ဝန်ကြီးအဆင့်အစည်းအဝေးအပြီးတွင် ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များကို ထိရောက်အကျိုး ရှိစွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေး မှတ်တမ်းအား နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ညပိုင်းတွင် မြန်မာ-တရုတ် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတ္တမအကြိမ်ဝန်ကြီးအဆင့် အစည်းအဝေး ဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်