Skip to main content

အရေးပြိုင်ပွဲဝင်ဖို့ဆိုရင် စာပေသက်သက်မဟုတ်ဘဲ စာပေနဲ့ ဂီတပေါင်းစပ်ပြီးဖန်တီးတဲ့ အနုပညာရပ်ဆိုတော့ စာလည်းလေ့လာဖို့လိုတယ်။ ကျောင်းစာအပြင် ကဗျာ၊ လင်္ကာတွေလေ့လာမှ ဒီလိုဖွဲ့နွဲ့တဲ့နေရာမှာ အင်အားကောင်းကောင်းနဲ့ ဖန်တီးနိုင်မယ်

အရေးပြိုင်ပွဲဝင်ဖို့ဆိုရင် စာပေသက်သက်မဟုတ်ဘဲ စာပေနဲ့ ဂီတပေါင်းစပ်ပြီးဖန်တီးတဲ့ အနုပညာရပ်ဆိုတော့ စာလည်းလေ့လာဖို့လိုတယ်။ ကျောင်းစာအပြင် ကဗျာ၊ လင်္ကာတွေလေ့လာမှ ဒီလိုဖွဲ့နွဲ့တဲ့နေရာမှာ အင်အားကောင်းကောင်းနဲ့ ဖန်တီးနိုင်မယ်

အလင်္ကာကျော်စွာ ဦးမောင်မောင်လတ်

ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးတိုင်းတွင် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်း အမွေအနှစ်များရှိကြသည်။ မြန်မာတိုင်းရင်းသားတို့တွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လက္ခဏာများဖြစ်သော စာပေ၊ ဂီတ၊ ရိုးရာထုံးတမ်းဓလေ့များ၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ နှစ်ပေါင်းထောင်ချီရှိခဲ့သည့် သမိုင်းအထောက်အထားများ ရှိခဲ့ပေသည်။

ရာစုခေတ် သမိုင်းအဆက် ဖြတ်သန်းခဲ့သော ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့အတတ်ပညာများအနက် ပျောက်ကွယ်သွားသည်များရှိသကဲ့သို့ ယနေ့ထိတိုင် တည်တံ့နေသည်များလည်းရှိသည်။ မြန်မာ့ရှေးဟောင်းမြို့များမှတွေ့ခဲ့ရသည့် အထောက်အထားများ၊ စာပေနှင့် အိမ်နီးချင်းခေတ်ပြိုင်နိုင်ငံများ၏ စာပေအထောက် အထားများအရ မြန်မာတို့သည် အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် အနုသုခုမပညာရပ်များပိုင်ဆိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုသို့မြင့်မားသည့် ယဉ်ကျေးမှုအနုပညာဂုဏ်ဒြပ်ကို မရွေ့မလျော့ မပျောက်ပျက်အောင် ထိန်းသိမ်းလျက် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းအမွေပေးနေသော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ (၂၄) ကြိမ်မြောက်ပြိုင်ပွဲကို အောက်တိုဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ ယင်းပြိုင်ပွဲတွင် တက်ကြွစွာပါဝင်ခဲ့ကြသော အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ပြိုင်ပွဲနှင့်စပ်လျဉ်း၍ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

အလင်္ကာကျော်စွာ ဦးမောင်မောင်လတ်

ပညာရှင် ဥက္ကဋ္ဌ (အရေးပြိုင်ပွဲ)

အရေးပြိုင်ပွဲဝင်တွေဟာ ဒီပြိုင်ပွဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ကလေးတွေဆိုတော့ ကျောင်းစာကို အာရုံစိုက်ရ၊ ဒီပြိုင်ပွဲကနေ အပြင်ဗဟုသုတအနေနဲ့ ဂီတနဲ့ပတ်သက်လို့ လေ့လာရတာဆိုတော့ အားနည်းချက်လေးတွေတော့ရှိပါတယ်။ နှစ်စဉ်ဒီအချိန်ဆိုရင် ပြိုင်ပွဲဝင်ဖို့ လုံ့လနဲ့ ကြိုးပမ်းကြတာ တွေ့ရပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း တိုးတက်လာပါတယ်။ အရေးပြိုင်ပွဲဝင်ဖို့ဆိုရင် စာပေသက်သက်မဟုတ်ဘဲ စာပေနဲ့ ဂီတပေါင်းစပ်ပြီး ဖန်တီးတဲ့ အနုပညာရပ်ဆိုတော့ စာလည်းလေ့လာဖို့လိုတယ်။ ကျောင်းစာအပြင် ကဗျာ၊ လင်္ကာတွေလေ့လာမှ ဒီလိုဖွဲ့နွဲ့တဲ့နေရာမှာ အင်အားကောင်းကောင်းနဲ့ ဖန်တီးနိုင်မယ်။ တေးသီချင်းကိုလည်း သဘောပေါက်နားလည်မှ စည်းဝါးကျကျနဲ့ ယှဉ်ပြိုင်ရတာဖြစ်တယ်။ စာသားအပေါ်မှာ တည်မှီပြီး တေးသွားကလည်း ပံ့ပိုးနိုင်ရမယ်၊ ခိုင်မာရမယ်ဖြစ်တယ်။ ဇာတိမာန်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုယှဉ်ပြိုင်ရတာဆိုတော့ ရိုးရိုးတေးသွားနုနုနဲ့တော့မရဘူး။ တေးသွားကလည်း ခံ့ညားရမယ်။ စာသားနဲ့လိုက်ဖက်အောင် တေးသွားကပံ့ပိုးနိုင်မှ သီချင်းက ပီပြင်မှာဖြစ်ပါတယ်။

အရေးပြိုင်ပွဲမှာ ထားပေးတာကတော့ စန္ဒရားနဲ့ဆိုင်းဝိုင်းပါ။ ပြိုင်ပွဲဝင်တွေအနေနဲ့ ကိုယ်ပိုင်တူရိယာနဲ့ တင်ဆက်မယ်ဆိုလည်း ရပါတယ်။ ပြင်ပမှာရှိတဲ့ ကြိုးတပ်တူရိယာဆိုရင် ဂီတာရှိမယ်၊ မယ်ဒလင်တို့၊ စောင်းတို့နဲ့ပံ့ပိုးတဲ့အခါကျတော့ ဒီလိုဆိုင်းဝိုင်းနဲ့လို ခိုင်ခိုင်မာမာ ပံ့ပိုးမပေးနိုင်ဘူး။ သီချင်းဆိုတယ် ဆိုကတည်းက တီးတဲ့တူရိယာကပံ့ပိုးကောင်းမှ သီချင်းကပိုပြီးအောင်မြင်တာ ဖြစ်ပါတယ်။ ဇာတိမာန်သီချင်းကို စောင်းနဲ့ပံ့ပိုးလို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒါကြောင့် ဒီမှာ စန္ဒရားနဲ့ ဆိုင်းဝိုင်းကို အဆင်သင့်ထားပေးထားပါတယ်။ အနာဂတ် မျိုးဆက်သစ်တွေ ထွန်းကားလာဖို့ အတွက်ဆိုတာကတော့ နိုင်ငံတော်က ပြုစုပျိုးထောင်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ပံ့ပိုးပေးရုံသက်သက်ပါပဲ။

မောင်ညီမင်းအောင်

အခြေခံအဆင့် ပတ္တလားအတီးပြိုင်ပွဲဝင်

မွန်ပြည်နယ်

ပတ္တလားတီးလာတာ နှစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒီအနုပညာနဲ့ ပတ်သက်ပြီး မျိုးရိုးအစဉ်အဆက်တော့ မရှိပါဘူး။ မွန်ပြည်နယ်မှာ အိမ်ထောင်လာကျတဲ့ ပတ္တလားပညာရှင်က သင်ပေးတာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ ဆိုင်းတစ်မျိုးတည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဒီနှစ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာတော့ ဆိုင်းရော၊ ပတ္တလားရောဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ အနောက်တိုင်းယဉ်ကျေးမှုအနုပညာထက် မြန်မာ့ရိုးရာအနုသုခုမပညာရပ်တွေကို တန်ဖိုးထားကြစေချင်တယ်။ အခုလိုပြိုင်ပွဲကြီးတွေကျင်းပပေးတာ ကောင်းပါတယ်။ ပြိုင်ပွဲကျင်းပပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

မဌေးဌေးအေး ဝါသနာရှင်ပထမတန်း

ဆိုင်းအတီးပြိုင်ပွဲဝင်

မန္တလေးတိုင်းဒေသကြီး

ကျွန်မက ဆိုင်းအတီးပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ ၁၁ နှစ်ဝန်းကျင် လောက်ကတည်းက ယှဉ်ပြိုင်ဖြစ်တာပါ။ လက်ရှိ ကျွန်မရဲ့ဆရာကတော့ စိန်ဗိုလ်တင်း ဖြစ်ပါတယ်။ အခုအမျိုးသမီးတစ်ဦးချင်း ဝါသနာရှင်အဆင့် ပထမတန်း ဆိုင်းအတီးပြိုင်ပွဲမှာဆိုရင် ပြိုင်ပွဲဝင်တဲ့သူနည်းတယ်။ အခုဝါသနာ ရှင်အဆင့် ပထမတန်းပြိုင်ပွဲမှာ မန္တလေး၊ ပဲခူး၊ ရန်ကုန်တို့က ပြိုင်ပွဲဝင်တွေ ပါဝင်ယှဉ်ပြိုင်ကြ တာဖြစ်ပါတယ်။ အခုလိုပြိုင်ပွဲတွေ လုပ်ပေးခြင်းအားဖြင့် သီချင်းခံတွေ၊ သီချင်းကြီးတွေ မမေ့တော့ဘူးပေါ့။ အပြင်မှာဆိုရင်တော့ သီချင်းကြီးတွေ သိပ်စိတ်မဝင်စားကြတော့ဘူး။ အခုလို ပြိုင်ပွဲတွေ ကျင်းပပေးတာ ဝမ်းသာပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ကျင်းပပေးစေလိုပါတယ်။

နော်အယ်လာဂျာဆိုင်းထွယ်

စန္ဒရားအတီးပြိုင်ပွဲဝင်

ကချင်ပြည်နယ်

မြန်မာသံစဉ်နဲ့ပတ်သက်ပြီး လက်ဦးဆရာကတော့ ဆရာမဝေဝေအောင် ဖြစ်ပါတယ်။ အခုကျင်းပနေတဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ နှစ်လလောက်ကြိုတင်ပြင်ဆင်ရပါတယ်။ ပထမယှဉ်ပြိုင်တဲ့နေ့ကတော့ စန်းနွေဦး သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ ဒီနေ့အတွက်တော့ ပြိုင်ပွဲဝင်သီချင်းသုံးပုဒ်ပေးထားပါတယ်။ သုံးပုဒ်လုံးလည်း အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ လေ့ကျင့်ထားပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် ပညာတွေလည်းရတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်းရောက်တယ်။ အတွေ့အကြုံတွေလည်းရတယ်။ ပြိုင်ပွဲကျင်းပတဲ့အတွက် ပြိုင်ပွဲဝင်တွေအနေနဲ့ တိုင်းရင်းသားလူမျိုး ပေါင်းစုံနဲ့လည်းတွေ့ရတယ်။ ဗဟုသုတတွေလည်းရတယ်။ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုတွေ ဖလှယ်ရာလည်းရောက်တယ်လို့ မြင်ပါတယ်။

မောင်ကောင်းဆက်သူ

အခြေခံပညာအဆင့်

အရေးပြိုင်ပွဲဝင်

စစ်ကိုင်းတိုင်းဒေသကြီး

သီချင်းတစ်ပုဒ် ရေးမယ်ဆိုရင် လိုအပ်တာကတော့ စာများများဖတ်ဖို့လိုပါတယ်။ စာတွေများများဖတ်မှ သီချင်းကောင်းတွေရေးနိုင်မှာ ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ် ဖြစ်လာဖို့အတွက် စာသားတွေက ကျစ်လျစ်ရမယ်။ အားရှိရမယ်။ ကျွန်တော်ကတော့ စာအားလုံးနီးပါးကို ဖတ်ပါတယ်။ သီချင်းရေးတာအပြင် စောင်းအတီးပညာနဲ့ ပတ္တလားအတီးပညာကို တတ်ထားပါတယ်။ အရေးပြိုင်ပွဲဝင်ဖို့အတွက်တော့ သီချင်းအကြမ်း လေးတွေရေးပြီး ပထမဆုံး လေ့ကျင့်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကျတဲ့ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ အကောင်ဆုံးကြိုးစား လေ့ကျင့်ထားပါတယ်။ နောက်ပိုင်းကျင်းပတဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေမှာ လူငယ်တွေ ပိုပြီးပါဝင်ယှဉ်ပြိုင်လာတာကို လည်း အတော်လေး ဂုဏ်ယူ အားကျမိပါတယ်။

ယဉ်ကျေးမှုသည် နိုင်ငံအတွက်အလွန်အရေးကြီးလှသည်။ ယဉ်ကျေးမှုကိုအကြောင်းပြု၍ အမျိုးသားရေးအသိ၊ သတိများလည်းရှိကြရပေမည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ တစ်ဟုန်ထိုးတိုးတက်နေသော ယနေ့ခေတ်တွင် ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်မတူ ယဉ်ကျေးမှုများ၊ ပုံစံမျိုးစုံသော ဖျော်ဖြေရေးပုံစံများနှင့် မိမိတို့ယဉ်ကျေးမှုကို သေးသိမ်စေရန် ဝါဒဖြန့်မှိုင်းတိုက်မှုများ ဘက်ပေါင်းစုံမှ တိုက်ခိုက်လျက်ရှိသည်။ ထိုသို့သော အခြေအနေများကို တွန်းလှန်ဆန့်ကျင်လျက် မိမိတို့၏အမျိုးဂုဏ်နှင့်လျော်ညီစွာ သမိုင်းခေတ်အဆက်ဆက်တည်ရှိခဲ့သော မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းမည့် မျိုးဆက်သစ်များကို (၂၄) ကြိမ်တိုင် ရှိခဲ့ပြီဖြစ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှ မွေးဖွားပေးလျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း။ ။

တွေ့ဆုံမေးမြန်း

အလင်းသစ်၊ နေမျိုး

ဓာတ်ပုံ - ကိုကိုနေ