Skip to main content

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၈

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို ဦးတည်ချက်ချမှတ်ကာ နိုင်ငံတော်ကိုအေးချမ်းသာယာခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

တိုင်းပြည်၏ သမိုင်းကြောင်းရှည်လျားသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ အရှည်တည်တံ့စေရန် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး၊ နိုင်ငံသားအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည့်ကိစ္စဖြစ်သည်။ မျိုးဆက်သစ်များအနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရန်၊ အတူတကွ ပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး ဆက်လက်ကြိုးစား တည်ဆောက်သွားကြရန်၊ မိမိတို့ယဉ်ကျေးမှု၊ မိမိတို့ဓလေ့ထုံးစံမှသည် မိမိတို့နိုင်ငံနှင့် မိမိတို့နိုင်ငံသားများအပေါ် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရှင်သန်ရေးကို ဆက်လက်သယ်ဆောင် လက်ဆင့်ကမ်းသွားကြရန်ဆောင်ရွက် သွားကြရမည်ဖြစ်သည်။

ယနေ့တွင် “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “လုလင်ငယ်သွေး” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “သားချင်းများ ဆုံတွေ့သောအခါ” သီချင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။

မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက အခြေခံကဗျာလွတ် ကကြိုးကကွက်များကို အဖွဲ့လိုက်ညီညာလှပကျွမ်းကျင်ပိုင်နိုင်စွာ ကပြယှဉ်ပြိုင်ကြသည်။

ရှမ်းတိုင်းရင်းသားရိုးရာအကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ကျင်းပရာ ဦးစွာ ရှမ်းပြည်နယ်ရိုးရာအကအဖွဲ့က ရှမ်းတိုင်းရင်းသားရိုးရာအကကို ရှမ်းအက၊ ရှမ်းဟန် ကကွက်များပေါင်းစပ်၍ စံပြအနေဖြင့် သရုပ်ပြကပြကြသည်။

ထို့နောက် ရှမ်းတိုင်းရင်းသားရိုးရာအက (အလွတ်တန်း) အဆင့်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အဖွဲ့များက ရှမ်းပြည်နယ်၏ သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ကျူးထားသည့် ရှမ်းပြည်အလှ ရှမ်းတို့ရိုးရာအက သီချင်းနောက်ခံဖြင့် လှပကျော့ရှင်းသည့် ရှမ်းတိုင်းရင်းသားရိုးရာ ကကြိုး၊ ကကွက်များကို ရှမ်းအလှ၊ ရှမ်းဟန်တို့နှင့် ပေါင်းစပ်ကာ ကပြယှဉ်ပြိုင်ကြသည်။

ရုပ်သေးကြိုးဆွဲပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Banquet Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက မင်းသား ကြိုးဆွဲရုပ်သေးရုပ်၊ မင်းသမီးကြိုးဆွဲရုပ်သေးရုပ်တို့ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက မင်းသားကြိုးဆွဲရုပ်သေးရုပ်၊ မင်းသမီးကြိုး ဆွဲရုပ်သေးရုပ်တို့ဖြင့်လည်းကောင်း ကကြိုးကကွက်စုံလင်စွာဖြင့် အနုပညာရသမြောက် ဖော်ကျူး ကပြယှဉ်ပြိုင်ကြသည်။

အရေးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဝါကျွတ်အခါမီ တူရာသီ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဗလငါးတန် ဒို့ရည်သန်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ယှဉ်ပြိုင်ကြသည်။

ဂီတာအတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဖြူပြာမူရာ” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဖြူပြာမူရာ” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် “သီလာမြေယံ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “သီလာမြေယံ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင်ပြိုင်ပွဲဝင်များက “ဇေယျာအောင်ချာ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် “နန်းဘုံသီဟာဘွေ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ရွှေလည်တိုင်” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် “ဆန်းဆန်းသဥ္ဇာ ကြာညောင်” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ကန္တာတောခြေ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “မိုးသက်လေနှင်” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင် ကြသည်။

ပတ္တလားအတီးပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်) ရှိ Mini Theatre ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “မြန်ချာမြေကို” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “မှိုင်းမှိုင်းမြ” (သီချင်းခံ)သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဂန္ဓာတောချေ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “မှန်ရဝေ” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဂန္ဓာတောင်” (ဘွဲ့) သီချင်းဖြင့် လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

ဆိုင်းတစ်ဦးချင်းအတီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေး ဇာတ်ရုံ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “အတိုင်းမသိ ဘုန်းတော်” (ဘွဲ့) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက“ထွေထွေဆန်းဆန်း”(ယိုးဒယား)သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဆဒ္ဒန်အိုင်သာ” (သီချင်းခံ) သီချင်းဖြင့် လည်း ကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဆဒ္ဒန်အိုင်သာ” (သီချင်းခံ) သီချင်း ဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။

ကွက်စိပ်ပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဘုရားအလောင်း ယုန်မင်းဇာတ်တော်ကြီး” ခေါင်းစဉ်ဖြင့်ဇာတ်တော်ကြီး၏ အနှစ်သာရနှင့်ဦးတည်ချက်ပေါ်လွင်အောင် နှုတ်မှုစွမ်းရည် ပြသဟောပြောယှဉ်ပြိုင်ကြသည်။

ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပရာ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ပညာရွှေအိုး” ဇာတ်တော်ကြီးဖြင့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု မိုးပြည့်မြင့်မိုရ် ရုပ်စုံအဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့် တင်ဆက်ကပြယှဉ်ပြိုင်ကြသည်။

ဇာတ်တော်ကြီးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ကျင်းပရာ ဇာတ်တော်ကြီးအဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “မဟော်သဓာ” ဇာတ်တော်ကြီးဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု စစ်ကိုင်းတိုင်းဒေသကြီး မဟော်သဓာဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟော်သဓာဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက်ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။

ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူမိဘများက ပြိုင်ပွဲနေရာအသီးသီး၌ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ အတီးပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း (စောင်း၊ စန္ဒရား၊ ပတ္တလား၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ နှဲ၊ ပလွေ၊ ဆိုင်း) တို့ကို မဲကျရာသီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ အိုးစည်၊ ဒိုးပတ်နှင့် ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ပြိုင်ပွဲများတွင် သတ်မှတ်ပြိုင်ပွဲဝင် ဦးရေအတိုင်း၊ သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ပါဝင်ယှဉ်ပြိုင်ကြရသည်။ ယခုနှစ်တွင် အိုးစည်၊ ဒိုးပတ်ပြိုင်ပွဲများကို ဝါသနာရှင်အဆင့်(ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) တို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိကြပြီး ကျန်အတီးပြိုင်ပွဲများကို အဆင့်အားလုံးက ပါဝင်ယှဉ်ပြိုင်နိုင်ရန် ခွင့်ပြုထားကြောင်း သိရသည်။