နေပြည်တော် အောက်တိုဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ယနေ့ညနေပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည့် ရုပ်စုံသဘင်အဖွဲ့လိုက် ပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးသည် ကောင်စီအတွင်းရေးမှူး၏ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၏ ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်များနှင့်အတူ ရုပ်စုံသဘင်ဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ပညာရွှေအိုး” ဇာတ်တော်ကြီးဖြင့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု တော်ဝင်ရုပ်စုံအမြင့်သဘင်အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့် သရုပ်ဖော်ယှဉ်ပြိုင် နေမှုများကို ကြည့်ရှုအားပေးကြသည်။
ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့သည် ရုပ်စုံသဘင်အဖွဲ့လိုက် ပြိုင်ပွဲဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ပြန်လည်ဆန်းသစ်လာ
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ်ပြိုင်ပွဲတွင် ရုပ်စုံသဘင်ပြိုင်ပွဲအဖြစ် “ဝိဓူရ” ဇာတ်တော်ကြီးဖြင့် စတင်ယှဉ်ပြိုင် ခဲ့ကြောင်း၊ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည့်ရုပ်သေး ပညာပြန်လည်ပြီး တစ်ခေတ်ဆန်းသစ်လာခဲ့ကြောင်း၊ အကြောင်းကြောင်းကြောင့် ကျင်းပခြင်း မပြုနိုင်ခဲ့သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးနှင့်အတူ ရုပ်သေးအနုပညာရပ်သည် တိမ်မြုပ်ပျောက်ကွယ်သကဲ့သို့ ဖြစ်နေခဲ့ရပြီး ယခုကျင်းပသည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာ့ရုပ်သေးပညာရပ်၊ မြန်မာ့ရုပ်စုံ ပညာရပ်များ ပြန်လည်ဖော်ထုတ်နိုင်ရန် ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်းစဉ်