Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇေယျာသီရိမြို့နယ်၌ ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂၆

ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇေယျာသီရိမြို့နယ်၌ စတုတ္ထနေ့အဖြစ် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့က ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်၏ ထိန်းချုပ်စက်(Control Unit)ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မရှင်းလင်းသည်များကို တာဝန်ရှိသူများထံ မေးမြန်းကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်းပြီး မဲဆန္ဒရှင်ပြည်သူများကောင်းမွန်စွာ သိရှိနားလည်စေရန် မဲဆန္ဒရှင်အသိ ပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် စနစ်တကျစီမံဆောင်ရွက်ပြီး ပြည်သူများရှိရာ ရပ်ကွက်နေရာများအထိသွားရောက်၍ ကော်မရှင်မှတာဝန်ရှိသူများက ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ပေးသည့်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အလွန်ပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း။

အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ပုပ္ပားကုန်းရပ်ကွက်၊ ခေတ်အေး‌ကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာအုပ်စုနှင့် နန်းဩကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း ၄၅၀ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်