Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် သီတင်းကျွတ်ကာလပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများအတွက် သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲကို ယနေ့ညနေပိုင်း ရုံးဆင်းချိန်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ ပျော်ပွဲရွှင်ပွဲနှင့်ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ဖျော်ဖြေပွဲမစတင်မီ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နိုင်ငံတော်ကအားထားရသည့် ဌာနတစ်ခုအဖြစ် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမှာ ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေဖြင့် သီတင်းကျွတ်အခါသမယတွင် ပျော်ရွှင်စေလိုသည့်အတွက် ယခုလိုပျော်ပွဲရွှင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပြီး ဘဝတစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေဟု ဆန္ဒပြုကြောင်းပြောကြားသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ မြန်မာ့ရုပ်မြင်သံကြားမှ တေးသံရှင်များက ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရာ ဝန်ထမ်းများက လိုက်ပါသီဆိုကာ ပျော်ရွှင်စွာဆင်နွှဲကြသည်။

ထို့နောက် သီချင်းဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများကို ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများက ပါဝင်သီဆိုယှဉ်ပြိုင်ကြသည်။

သီဆို ယှဉ်ပြိုင်သူများ၏အမှတ်များကို ရေတွက်နေစဉ်အတွင်း ဝန်ထမ်းများ၏ ကံစမ်းမဲနံပါတ်များ မဲနှိုက်ကြေညာ၍ စက်ဘီးနှင့်ဆုကြေးငွေများကို လည်းကောင်း၊ သီချင်းဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုရရှိသူများအား ဆုငွေများကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သတင်းစဉ်