Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ကျင်းပသည့် အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးအကပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေး

အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအဆင့် (အသက် ၁၀ နှစ် မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ ဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်ညီညာစွာဖြင့် ငြိမ့်ညောင်းသည့် ကကွက်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ယှဉ်ပြိုင်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့များ ကြည့်ရှုအားပေးကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

အကပြိုင်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးသည် အကပြိုင်ပွဲအဆင့်လိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပသည့် ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

သရုပ်ဖော်ယှဉ်ပြိုင်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးသည် ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်တို့၏ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်များနှင့်အတူ ဝါသနာရှင်အဆင့် (ပထမတန်း) “မဟော်သဓာ” ဇာတ်တော်ကြီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု စိန်မြန်မာအနုပညာအင်အားစု မဟော်သဓာဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟော်သဓာဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက်ပေါင်းစပ်၍ သရုပ်ဖော်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုသုခုမ အမွေအနှစ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို အလေးထားတန်ဖိုးထား ထိန်းသိမ်းရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ပြိုင်ပွဲအမျိုးအစားများအလိုက် သတ်မှတ်ထားသည့် နေရာများတွင် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များသည်လည်း စိတ်အေးချမ်းမြေ့စွာဖြင့် အားကြိုးမာန်တက်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်