နေပြည်တော် အောက်တိုဘာ ၂၅
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး/ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။
ခြိမ်းခြောက်အန္တရာယ်ပြု
ဦးစွာမူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာနှင့်အဝန်း လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်အန္တရာယ်ပြုလျက်ရှိသော ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့သည် လွန်စွာအရေးကြီးပါကြောင်း။
မူးယစ်ဆေးဝါးမှုခင်းများသည် လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်ဖြစ်ပွားနေပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နှောင့်ယှက်မှုများ ဖြစ်ပေါ်နေသည့်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မူဘောင်အဖြစ် အသုံးပြုပြီး နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မိမိဒေသနှင့်ကိုက်ညီမည့် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သည်များကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများမှာ အဓိကခြိမ်းခြောက်နေသည့်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး ၃၈ ကြိမ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး Operation 39 ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်အထိ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ အိုက်စ်၊ ကက်တမင်း၊ အက်တက်စီ ဆေးပြား၊ Happy Water အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၈၀၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၈၁ သန်းကျော်) ဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော UNODC ၊ AFP ၊ DEA၊ NNCC ၊ ONCB တို့နှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ကြိုတင်ကာကွယ် တိုးမြှင့်ဆောင်ရွက်
မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ် (New Drug Policy) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တားဆီးနှိမ်နင်းရေး ဆောင်ရွက်နေရုံဖြင့် မပြည့်စုံဘဲ မိမိတို့ဌာနများအနေဖြင့် တက်ကြွစွာပူးပေါင်းပါဝင်ပေးကြရန်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း၌ ဆောင်ရွက်လျက်ရှိသည့် စီမံချက်ပါလုပ်ငန်းများ မိမိတို့လုပ်ငန်းအဖွဲ့များအလိုက် ချမှတ်ထားသည့်တာဝန်များကို အလေးထားလိုက်နာဆောင်ရွက်ပေးကြရန်နှင့် အထူးသဖြင့် လူငယ်များနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူးက မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကြိုးပမ်းချက်အပေါ် သုံးသပ်တင်ပြခြင်း၊ တွဲဖက်အတွင်းရေးမှူးက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများတင်ပြခြင်း၊ တက်ရောက်လာသူများက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လိုအပ်ချက်/အကြံပြုချက်များ တင်ပြခြင်းများ ဆောင်ရွက်ပြီး မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်